အရှေ့တောင်အာရှဒေသတွင်း ဗီယက်နမ်နိုင်ငံမှာ ဗြိတိန်မှ မျိုးဗီဇပြောင်း ပိုမိုကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်အသစ် ပထမဆုံးကူးစက်မှု တွေ့ရှိလာရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီ ၂ ရက်) ပြောပါတယ်။
(Photo: AFP)
ထိုကူးစက်မှုဟာ ပြည်ပကူးစက်မှုဖြစ်ပြီး ဗြိတိန်ကနေ ဗီယက်နမ်သို့ ပြန်လာတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးထံမှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ အမျိုးသမီးကို ဗြိတိန်မှပြန်ရောက်လာစဥ် အသွားအလာကန့်သတ်ထားရှိခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့မှာ COVID-19 ဖြစ်စေတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
"သုတေသီတွေက လူနာရဲ့ ဓာတ်ခွဲနမူနာကို စစ်ဆေးခဲ့ပြီးနောက် 'VOC 202012/01' လို့ သိထားကြတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုကိုတွေ့ခဲ့ရပါတယ်" လို့ ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာက ပြောပါတယ်။ ယခုအခါ အရှေ့တောင်အာရှမှာ ဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေ့ရတဲ့ နိုင်ငံ ၂ နိုင်ငံရှိလာခဲ့ပြီး အစောပိုင်းက စင်ကာပူမှာလည်း ကူးစက်မှုတွေ့ရှိထားခဲ့ပါတယ်။ ထိုဗိုင်းရပ်စ်အသစ်မှာတွေ့ရတဲ့ မျိုးဗီဇပြောင်းမှုဟာ သဘောတရားအရ လူတစ်ဦးမှတစ်ဦးသို့ ပိုမိုကူးစက်ပျံ့နှံ့လွယ်ကြောင်း သိရပါတယ်။
(Photo: VnExplorer)
ကမ္ဘာတစ်ဝန်း နိုင်ငံတွေက မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် စတင်တွေ့ရတဲ့ ဗြိတိန်နိုင်ငံသို့ ခရီးသွားလာမှုတွေကို တားမြစ်ပိတ်ပင်ထားပြီး ကူးစက်ပျံ့နှံ့မှုမရှိစေရန် ဆောင်ရွက်ခဲ့ကြပါတယ်။ ဗြိတိန်မှာတွေ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ မူလဗိုင်းရပ်စ်ထက် ၄၀ မှ ၇၀ ရာခိုင်နှုန်း ပိုမိုကူးစက်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။ ယခုအခါ ဗြိတိန်မှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေကို ဗီယက်နမ်အပါအဝင် ၃၄ နိုင်ငံမှာ တွေ့ရှိထားပါတယ်။
ဗီယက်နမ်ဟာ ဗြိတိန်မှာ ပိတ်မိနေတဲ့ ၎င်းရဲ့နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ရန် လေကြောင်းခရီးစဥ်တွေ ဆက်လက် ပျံသန်းနေခဲ့တယ်လို့ ဆိုပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများအနက် ဗီယက်နမ်က တင်းကျပ်တဲ့ အသွားအလာကန့်သတ်ထားရှိမှုနဲ့ ထိတွေ့မှု ခြေရာခံဖော်ထုတ်ခြင်းတို့ဖြင့် COVID-19 ကူးစက်ဖြစ်ပွားမှုကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့ပြီး အာရှဒေသတွင်း နိုင်ငံအတော်များများထက် စီးပွားရေးလှုပ်ရှားမှုတွေ လျင်လျင်မြန်မြန် ပြန်လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။
(Nanocovax ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှု) (Photo: AFP)
လူဦးရေ ၉၆ သန်းဝန်းကျင်ရှိတဲ့ ဗီယက်နမ်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁,၄၇၄ ဦးနဲ့ သေဆုံးသူ ၃၅ ဦးရှိခဲ့ပါတယ်။ ဗီယက်နမ်ဟာ ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေး လေးမျိုးကို ထုတ်လုပ်နေပြီး ၎င်းတို့အနက်မှ ဟိုချီမင်းမြို့အခြေစိုက် Nanogen ဆေးဝါးဆိုင်ရာ ဇီဝနည်းပညာကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Nanocovax ကာကွယ်ဆေး လူတွေမှာ စမ်းသပ်မှုများ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။