ဟိုချီမင်းအခြေစိုက် ဆေးဝါးဆိုင်ရာ ဇီဝနည်းပညာကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင် ဗီယက်နမ်နိုင်ငံက ပြည်တွင်းကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို လူတွေမှာ ထိုးနှံစမ်းသပ်မှုများ ဟနွိုင်းမြို့မှာ ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) စတင်ခဲ့ကြောင်း သိရပါတယ်။

(Nanocovax ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှု) (Photo: AFP)

ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ချမ်းသာတဲ့ နိုင်ငံတွေနဲ့အတူ ကာကွယ်ဆေးရရှိနိုင်ရန် ကြိုးပမ်းနေကြစဥ် ဗီယက်နမ်က ၎င်းတို့ရဲ့ ပြည်တွင်းထုတ် ကာကွယ်ဆေးတစ်မျိုးကို လူတွေမှာ စမ်းသပ်မှုများ စတင်လိုက်တာလည်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့အခြေစိုက် Nanogen ဆေးဝါးဆိုင်ရာ ဇီဝနည်းပညာကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Nanocovax ကာကွယ်ဆေးဟာ ဗီယက်နမ်ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေး လေးမျိုးအနက်မှ တစ်မျိုးဖြစ်ပါတယ်။



ဆင်းရဲချမ်းသာကွာဟမှုနဲ့ ကိုဗစ်ကာကွယ်ဆေး

Nanogen ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တစ်ဦးက ပြောကြားမှုအရ Nanocovax ကာကွယ်ဆေးတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ (မြန်မာကျပ်ငွေ ၆,၇၀၀ ဝန်းကျင်) ကျသင့်မယ်လို့ ဆိုပါတယ်။ မိမိတို့သဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံကြသူတွေကို ဗီယက်နမ်စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (Vietnam Military Medical University) မှာ ယနေ့ ကာကွယ်ဆေးထိုးပေးခဲ့ပြီး ၇၂ နာရီကြာ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

(ဗီယက်နမ်တာဝန်ရှိသူများ ရှင်းလင်းပြောကြားစဥ်) (Photo: VN Explorer)

ကာကွယ်ဆေးစမ်းသပ်မှု ပထမအဆင့်မှာ ပါဝင်စမ်းသပ်ခံသူ ၆၀ ကို Nanocovax ကာကွယ်ဆေးထိုးပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ Nguyen Ngo Quang က ပြောပါတယ်။ ကာကွယ်ဆေးစမ်းသပ်ရာမှာ ပါဝင်စမ်းသပ်ခံသူ ဘေးထွက်ဆိုးကျိုးပြဿနာ ကြုံတွေ့ရပါက ကုသပေးနိုင်ရန် ကျန်းမာရေးဝန်ထမ်းတွေက ကောင်းစွာပြင်ဆင်ထားကြောင်း စစ်ဆေးတက္ကသိုလ် အကြီးအကဲ Do Quyet က ဆိုပါတယ်။

"ကျွန်တော်တို့ အားလုံးက COVID-19 ကို ကျွန်တော်တို့ရဲ့ ရန်သူအဖြစ် ယူဆထားပါတယ်၊ ဒါကြောင့် တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်နေပါတယ်၊ ကျွန်တော်တို့ အရမ်းဂရုစိုက် ပြင်ဆင်ရမှာဖြစ်ပြီး ဒီတိုက်ပွဲကို နိုင်ရမယ်" လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ဟာ COVID-19 ကူးစက်ဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံတကာရဲ့ ချီးကျူးမှုခံခဲ့ရပြီး ကူးစက်မှုကို အခြားနိုင်ငံတွေထက် ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

(Photo: AFP)

လူဦးရေ ၉၆ သန်းဝန်းကျင်ရှိတဲ့ ဗီယက်နမ်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁,၄၀၀ ကျော်နဲ့ သေဆုံးသူ ၃၅ ဦးရှိခဲ့ပါတယ်။ ယမန်နေ့ (ဒီဇင်ဘာ ၁၆ ရက်)ကက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ကမ္ဘာ့လူဦးရေရဲ့ အနည်းဆုံး ငါးပုံတစ်ပုံဟာ ၂၀၂၂ ခုနှစ်အထိ COVID-19 ကာကွယ်ဆေးမရရှိနိုင်မှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ချမ်းသာတဲ့နိုင်ငံတွေက ကိုဗစ်ကာကွယ်ဆေးတွေ အလွန်များပြားစွာ ကြိုတင်ဝယ်ယူထား

ကမ္ဘာ့လူဦးရေရဲ့ ၁၄ ရာခိုင်နှုန်းမျှသာဖြစ်တဲ့ ချမ်းသာတဲ့ နိုင်ငံတွေက လာမယ့်နှစ်အတွင်း ဆေးဝါးထုတ်လုပ်ရေး ၁၃ ခုက ထုတ်လုပ်သွားမယ့် ကာကွယ်ဆေးအရေအတွက် ထက်ဝက်ကျော်ကို ကြိုတင်ဝယ်ယူထားကြကြောင်း Johns Hopkins Bloomberg School of Public Health မှ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

(ဗီယက်နမ်မှာ COVID-19 စစ်ဆေးရန် စောင့်ဆိုင်းနေစဥ်) (Photo: AFP)

ချမ်းသာတဲ့နိုင်ငံတွေက ၂၀၂၁ ခုနှစ် နှစ်ကုန်အရောက်မှာ ၎င်းတို့လူဦးရေရဲ့ သုံးဆကျော်နီးပါးကို COVID-19 ကနေ ကာကွယ်ရန် လုံလောက်တဲ့ ကာကွယ်ဆေးအရေအတွက် အလွန်များပြားစွာ ကြိုတင်မှာကြား ဝယ်ယူထားကြကြောင်း ကာကွယ်ဆေး သာတူညီမျှရရှိရေး ပူးပေါင်းအဖွဲ့ People's Vaccine Alliance က ဒီဇင်ဘာ ၉ ရက်နေ့မှာ ပြောခဲ့ပါတယ်။

ကာကွယ်ဆေးတွေကို ထိုသို့ အလွန်များပြားစွာ ကြိုတင်ဝယ်ယူထားခြင်းက ဆင်းရဲတဲ့ နိုင်ငံများရှိ လူဦးရေ ဘီလီယံနဲ့ချီပြီး ကာကွယ်ဆေး မရရှိနိုင်တဲ့ အခြေအနေဖြစ်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။ People's Vaccine Alliance အဖွဲ့က ပြောကြားမှုအရ အဆောတလျင် အရေးယူဆောင်ရွက်မှု မရှိပါက ဝင်ငွေနိမ့်ပါးတဲ့ နိုင်ငံ ၇၀ နီးပါးမှာ လူ ၁၀ ဦးလျှင် တစ်ဦးသာ COVID-19 ကာကွယ်ဆေးရရှိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

(Photo: AFP)

နောက်ဆုံးအချက်အလက်တွေအရ ကမ္ဘာ့လူဦးရေရဲ့ ၁၄ ရာခိုင်နှုန်းရှိတဲ့ ချမ်းသာတဲ့နိုင်ငံတွေက အလားအလာအကောင်းဆုံး COVID-19 ကာကွယ်ဆေးအားလုံးရဲ့ ၅၃ ရာခိုင်နှုန်းအထိကို ကြိုတင်ဝယ်ယူထားကြောင်း Amnesty International ကလည်း ပြောထားပါတယ်။

COVID-19 ကပ်ရောဂါက လက်ရှိမှာ ကမ္ဘာ့လူဦးရေ ၇၄ သန်းကျော်ကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၁.၆ သန်းကျော်နဲ့ ပြန်လည်သက်သာသူ ၅၂ သန်းကျော်ရှိခဲ့ပါတယ်။ COVID-19 တိုက်ဖျက်ရေးမှာ ကာကွယ်ဆေးပေါ်ထွက်လာခြင်းက များစွာအကူအညီဖြစ်လိမ့်မယ်လို့ တစ်ကမ္ဘာလုံးက မျှော်လင့်ထားကြပါတယ်။

ကာကွယ်ဆေးထွက်လာမှုနဲ့အတူ COVID-19 တိုက်ဖျက်ရေး အားရကျေနပ်မှုအပေါ် WHO သတိပေး

Share

Loading Next Article...
က္က