ခရီးသည်တင်လေယာဥ်ဟာ ဂျကာတာကမ်းလွန် ပင်လယ်ထဲသို့ ပျက်ကျသွားခဲ့ကြောင်း သတင်း‌တွေက ဖော်ပြပါတယ်။

အင်ဒိုနီးရှားလေကြောင်းလိုင်း Sriwijaya Air ရဲ့ ခရီးသည်တင်လေယာဥ်တစ်စီးနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး ဂျကာတာကမ်းလွန် ပင်လယ်ထဲသို့ ပျက်ကျသွားတယ်လို့ ယူဆထားကြောင်း သိရပါတယ်။

(Pontiana မြို့မှာတွေ့ရသည့် လေယာဥ်စီးခရီးသည်များ၏ ဆွေမျိုးအချို့) (Photo: AFP)

အင်ဒိုနီးရှားမြို့တော် ဂျကာတာမြို့မှ West Kalimantan ပြည်နယ် Pontianak မြို့သို့ ယနေ့ (ဇန်နဝါရီ ၉ ရက်) လေကြောင်းခရီးစဥ် ပျံသန်းသွားတဲ့ Boeing 737-500 အမျိုးအစား ခရီးသည်တင်လေယာဥ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။ လေယာဥ်ဟာ ဂျကာတာကနေ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်မှာ ထွက်ခွာသွားခဲ့တာဖြစ်ပြီး Pontiana သို့ ညနေ ၄ နာရီ ၁၅ မိနစ်မှာ ရောက်ရှိရန်စီစဥ်ထားခဲ့ပါတယ်။



လေယာဥ်ပျံသန်းမှု စောင့်ကြည့်ဝက်ဘ်ဆိုက် Flightradar24 က ဖော်ပြထားမှုအရ လေကြောင်းခရီးစဥ်အမှတ် SJ182 လေယာဥ်ဟာ ဂျကာတာမြောက်ဘက် ကမ်းလွန်နေရာ အမြင့်ပေ ၁၀,၀၀၀ အထက်မှာ ပျံသန်းမှုစောင့်ကြည့်စနစ်ကနေ ပျောက်သွားခဲ့တယ်လို့ သိရပါတယ်။ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးသွားတဲ့ Boeing 737-500 လေယာဥ်ဟာ သက်တမ်း ၂၆ နှစ်ရှိပြီလို့ ဆိုပါတယ်။

(Sriwijaya Air လေကြောင်းလိုင်းမှ လေယာဥ်တစ်စီး) (Photo: Reuters)

ခရီးသည်တင်လေယာဥ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားမှုအပေါ် အသေးစိတ် အချက်အလက်များ စုဆောင်းနေဆဲဖြစ်ကြောင်း Sriwijaya Air လေကြောင်းလိုင်းရဲ့ ကနဦး ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အဆိုပါ လေယာဥ်ပေါ်မှာ ကလေးခုနစ်ဦး အပါအဝင် ခရီးသည် ၅၆ ဦးနဲ့ ‌လေယာဥ်အမှုထမ်း ၆ ဦး စုစုပေါင်း လူ ၆၂ ဦး လိုက်ပါသွားကြောင်း Metro TV သတင်းက ဖော်ပြပါတယ်။

China Daily သတင်းကတော့ ခရီးသည်တင်လေယာဥ်ဟာ ဂျကာတာကမ်းလွန် ပင်လယ်ထဲသို့ ပျက်ကျသွားခဲ့ကြောင်း ပြောထားပါတယ်။ လေယာဥ်ပျက်မှဖြစ်နိုင်ဖွယ်ရှိတဲ့ ပစ္စည်းတွေကို ငါးဖမ်းသမားတွေ၊ ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာနကတော့ ပျောက်ဆုံးနေတဲ့ ခရီးသည်လေယာဥ်နဲ့ ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း ပြောထားပါတယ်။

(နောက်ဆက်တွဲသတင်းအရ ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့တဲ့နရာကို ရှာဖွေတွေ့ရှိပြီလို့ အင်ဒိုနီးရှားရေတပ်က ပြောကြားကြောင်း သိရပါတယ်)

.

Share

Loading Next Article...
က္က