အမေရိကန်မှာ ဘရာဇီးနိုင်ငံမှ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုတစ်ခု ပထမဆုံးအကြိမ် တွေ့ရှိလာရကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ဇန်နဝါရီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
(Photo: AFP)
လတ်တလော ဘရာဇီးကနေ မင်နီဆိုးတားပြည်နယ်သို့ ပြန်လည်ရောက်ရှိလာသူတစ်ဦးထံမှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရတာ ဖြစ်ပါတယ်။ ဘရာဇီးမှာ ပထမဆုံး စတင်တွေ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကို Brazil P1 လို့ သိထားကြပါတယ်။ အမေရိကန် မင်နီဆိုးတားပြည်နယ် မင်နီယာပိုလစ်-စိန့်ပေါလ် ဧရိယာမှာနေထိုင်တဲ့ COVID-19 လူနာရဲ့ ဓာတ်ခွဲနမူနာမှာ ထိုဗိုင်းရပ်စ်အသစ်ကို တွေ့ရှိခဲ့ပါတယ်။
၎င်းဟာ ဇန်နဝါရီ ပထမပတ်အတွင်း စတင်ဖျားနာလာခဲ့ကြောင်း မင်နီဆိုးတားပြည်နယ် ကျန်းမာရေးဌာနက ပြောပါတယ်။ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေက လူနာရဲ့ ဖျားနာမှုအခြေအနေ၊ ခရီးသွားလာမှု၊ ထိတွေ့မှုရှိခဲ့သူတွေနဲ့ ပတ်သက်ပြီး အသေးစိတ် ပိုမိုသိရှိနိုင်ရန် ၎င်းကို ပြန်လည် တွေ့ဆုံမေးမြန်းနေခဲ့ပါတယ်။ အမေရိကန်က မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် စိုးရိမ်မှုကြောင့် ဥရောပ၊ ဘရာဇီးနဲ့ တောင်အာဖရိကတို့မှ အမေရိကန်နိုင်ငံသားမဟုတ်တဲ့ ခရီးသည်များ ဝင်ရောက်မှုကို ကန့်သတ်ပိတ်ပင်ထားကြောင်း သိရပါတယ်။
(Photo: AP)
လက်ရှိအချိန်အထိ မင်နီဆိုးတားပြည်နယ်မှာ ဘရာဇီး ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေခဲ့တဲ့ လက္ခဏာမတွေ့ရဘူးလို့ ဆိုပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂၅ သန်းကျော်နဲ့ သေဆုံးသူ ၄၃၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် အပါအဝင် ဗိုင်းရပ်စ်တွေဟာ မျိုးဗီဇပြောင်းနေလေ့ရှိပါတယ်။
ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ဗြိတိန်နဲ့ တောင်အာဖရိကမှာ ပထမဆုံး တွေ့ရှိလာရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုးနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်ပူပန်နေကြပါတယ်။ ဗြိတိန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ ပိုမိုကူးစက်နိုင်သလို သေဆုံးမှုနှုန်းလည်း ပိုများနိုင်ကြောင်း ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ပြောထားပြီး အတိအကျသိနိုင်ရန် နောက်ထပ် အသေးစိတ်လေ့လာမှုများ လိုအပ်တယ်လို့ ဆိုပါတယ်။
(Photo: AFP)
ဗြိတိန်၊ တောင်အာဖရိကနဲ့ ဘရာဇီးနိုင်ငံတို့မှ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တွေဟာ မူလဗိုင်းရပ်စ်ထက် ပိုမိုကူးစက်ပျံ့နှံ့လွယ်ကြောင်း သုတေသီတွေက ယုံကြည်ထားကြပါတယ်။ ဘရာဇီး မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ဂျပန်နိုင်ငံ တိုကျိုမြို့ပြင်ရှိ လေဆိပ်တစ်ခုမှာ စစ်ဆေးခဲ့တဲ့ ခရီးသွားလေးဦးထံမှာ ပထမဆုံး တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
ဘရာဇီး ဗိုင်းရပ်စ်အသစ်ဟာ COVID-19 ဖြစ်ခဲ့ဖူးသူတွေကို နောက်တစ်ကြိမ် ပြန်လည်ကူးစက်နိုင်ကြောင်း သုတေသီအချို့က စိုးရိမ်နေကြပါတယ်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ကပ်ရောဂါဟာ ယနေ့ (ဇန်နဝါရီ ၂၆ ရက်) စာရင်းတွေအရ ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၁၀၀ ကျော်ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၂ သန်းကျော်ပြီ ဖြစ်ပါတယ်။