၁၅ ရက်ကျော်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁၀ သန်းကျော် တိုးလာခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ သန်း ၁၀၀ ကျော်ပြီဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 အခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်ရဲ့ ယနေ့ (ဇန်နဝါရီ ၂၆ ရက်) မနက်အစောပိုင်း ဖော်ပြမှုအရ သိရှိရပါတယ်။

၂၀၁၉ နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ တစ်နှစ်ကျော်အတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၁၀၀ ကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၂.၁ သန်းကျော် (၂,၁၄၉,၃၈၁ ဦး) သေဆုံးခဲ့ပြီး ၇၂.၈ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ဇန်နဝါရီ ၁၁ ရက်နေ့မှာ သန်း ၉၀ ကျော်လွန်ခဲ့တာဖြစ်ပြီး ၁၅ ရက်ကျော်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁၀ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ၁,၉၄၃,၅၄၄ ဦးမှ ၁၅ ရက်ကျော်အတွင်း ၂၀၅,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: AFP)

Worldometers ယခုနောက်ဆုံး ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ သန်း ၁၀၀ ကျော်အနက် ၂၅ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်တဲ့ အမေရိကန်မှာ ယခုအခါ ကူးစက်ခံရသူ ၂၅ သန်းကျော်ပြီဖြစ်ပြီး သေဆုံးသူ ၄၃၀,၀၀၀ နီးပါးရှိခဲ့ပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၀.၆ သန်းကျော်နဲ့ သေဆုံးသူဦးရေ ၁၅၃,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၈.၈ သန်းကျော်လွန်လာခဲ့ပြီးနဲ့ သေဆုံးသူ ၂၁၆,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။

(Photo: AP)

လက်ရှိမှာ ကမ္ဘာ့နိုင်ငံအသီးသီးက ၎င်းတို့ရဲ့ ပြည်သူတွေကို COVID-19 ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် အားထုတ်ကြိုးပမ်းနေကြပါတယ်။ အစ္စရေး၊ အမေရိကန်၊ အိန္ဒိယ၊ ယူအေအီး၊ ဗြိတိန်၊ ဘာရိန်း၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ တရုတ်၊ ရုရှား၊ မက္ကစီကို၊ ဆော်ဒီ၊ စင်ကာပူ၊ အင်ဒိုနီးရှား အစရှိတဲ့ နိုင်ငံတွေမှာ ကာကွယ်ဆေးများ စတင်ထိုးနှံပေးနေပြီဖြစ်ကာ မြန်မာအပါအဝင် နိုင်ငံအချို့မှာလည်း ယခုလအတွင်း ကာကွယ်ဆေးထိုးနှံမှုတွေ စတင်သွားမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးများ ထွက်ပေါ်လာပေမဲ့ ကမ္ဘာနိုင်ငံအားလုံး ဆင်းရဲချမ်းသာမရွေး ကာကွယ်ဆေး သာတူညီမျှရရှိရန် မရေရာမှုတွေလည်း ရှိနေပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါကဲ့သို့ ချမ်းသာတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက လာမယ့်နှစ်မှာ ထုတ်လုပ်မယ့် ကာကွယ်ဆေးတွေရဲ့ ၅၃ ရာခိုင်နှုန်းထက်မနည်း များပြားစွာ ကြိုတင်ဝယ်ယူထားရာ ဖွံ့ဖြိုးဆဲနဲ့ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကာကွယ်ဆေးရရှိရန် နှစ်နဲ့ချီ ကြာမြင့်နိုင်ကြောင်း စိုးရိမ်နေကြပါတယ်။

(Photo: Getty Images)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကတော့ အဆင်းရဲဆုံး နိုင်ငံတွေအနေနဲ့ ဇန်နဝါရီလကုန်နဲ့ ဖေဖေါ်ဝါရီလလယ်ပိုင်းအတွင်း COVID-19 ကာကွယ်ဆေး စတင်ရရှိရန် မျှော်လင့်နိုင်ကြောင်း မကြာသေးမီက ပြောထားခဲ့ပါတယ်။ လက်ရှိမှာ ခွင့်ပြုချက်ရ ကာကွယ်ဆေးတွေ တဖြည်းဖြည်း ထွက်ပေါ်လာနေပေမဲ့ လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုတွေဟာ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တိုးလာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး သုံးနိုင်ငံအဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားတို့က အစဥ်လိုက်ရှိနေပါတယ်။ မလေးရှာမှာ လတ်တလော သီတင်းပတ်များအတွင်း ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့ရာမှ ယခုအခါမှာတော့ ကူးစက်မှုနှုန်း အကျဘက်ကို ဦးတည်နေပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁၃၇,၉၅၇ ဦး၊ သေဆုံးသူ ၃,၀၆၉ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၁၂၂,၁၁၆ ဦးနဲ့ ကုသမှုခံယူနေရဆဲ လူနာ ၁၂,၇၇၂ ဦးရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံကို ပထမဆုံး ရောက်ရှိလာတဲ့ COVID-19 ကာကွယ်ဆေးအဖြစ် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးကုမ္ပဏီ Serum Institute က ထုတ်လုပ်ထားတဲ့ Covidshield ကာကွယ်ဆေး ၁.၅ သန်းကို ဇန်နဝါရီ ၂၂ ရက်နေ့မှာ လက်ခံရရှိခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို စတင်ထိုးနှံပေးသွားရန် ပြင်ဆင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က