ကျန်းမာရေးဝန်ထမ်းတွေပြီးရင် လွှတ်တော်ကိုယ်စားလှယ်တွေ၊နိုင်ငံအကြီးအကဲတွေ ထိုးနှံပေးမှာပါ။

မနက်ဖြန် ဇန်နဝါရီလ (၂၇) ရက်မှာ နေပြည်တော်မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း (၄,၀၀၀) နီးပါးကို ကိုဗစ်ကာကွယ်ဆေး တစ်ပြိုင်တည်း ထိုးပေးမှာဖြစ်တယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

နေပြည်တော်အတွင်းက မြို့နယ် ဆေးရုံ (၈) ရုံ၊ ကုတင် (၁,၀၀၀) ဆေးရုံ၊ ကုတင် (၃၀၀) ဆေးရုံတို့အပြင် သားဖွားမီးယပ်ဆေးရုံ၊ ကလေးဆေးရုံ စတဲ့ ဆေးရုံတွေအားလုံးမှာ ထိုးနှံမှာဖြစ်ပြီး မနက်ဖြန် တစ်ရက်တည်းမှာ ဝန်ထမ်းတွေအားလုံးကို အပြီးထိုးနှံနိုင်မှာဖြစ်တယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက Duwun ကို ပြောပါတယ်။



ဓာတ်ပုံ- ဒီကနေ့ နေပြည်တော်မှာ လွှတ်တော်ကိုယ်စားလှယ်များနှင့်သတင်းထောက်တွေကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ပိုးစစ်ဆေးပေးနေစဉ်။

“ မြို့နယ် (၈) မြို့နယ်မှာရှိတဲ့ မြို့နယ် ဆေးရုံ (၈) ခုရယ်၊ အထူးကုဆေးရုံတွေက ကျန်းမာရေးဝန်ထမ်းတွေ အပြင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေ ၊ ဂိတ်တွေ၊ ကွာရန်တင်းစင်တာတွေက ကျန်းမာရေးဝန်ထမ်းတွေ အားလုံးထိုးပေးမှာပါ။ ပထမအသုတ်အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေပဲ ထိုးမှာပါ” လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

မနက်ဖြန် ဇန်နဝါရီ (၂၇) ရက်မှာတော့ မနက် (၉) နာရီက စတင်ကာ ပထမအကြိမ်အဖြစ် ထိုးနှံပေးသွားမှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေ ထိုးနှံပြီးနောက်ပိုင်း ဦးစားပေးအစီအစဉ်အရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ တို့ ထိုးနှံသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ ပုဂ္ဂိုလ်တွေ ထိုးနှံမယ့် ရက်အတိအကျကိုတော့ ညွှန်ကြားထားခြင်းမရှိသေးဘူးလို့လည်း ဆိုပါတယ်။

အိန္ဒိယနိုင်ငံက ရောက်ရှိလာတဲ့ COVISHIELD ကာကွယ်ဆေး (၁) သန်းခွဲကို ပထမဦးစားပေးအဖြစ် ဇန်နဝါရီ (၂၇) ရက်မှာ နေပြည်တော်ကောင်စီအပါအဝင် တစ်နိုင်ငံလုံးက ကျန်းမာရေးဝန်ထမ်းတွေ စတင်ထိုးနှံပေးမှာဖြစ်တယ်လို့လည်းသက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေကနေ သိရပါတယ်။

Share

Loading Next Article...
က္က