ပဲခူးတိုင်းထဲက ကျန်းမာရေးဝန်ထမ်းတွေကို ဒီကနေ့ (ဇန်နဝါရီလ ၂၇ ရက်) မနက်ပိုင်းကစပြီး ကိုဗစ်ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးနေပြီဖြစ်ပါတယ်။
ဒါ့အပြင် ပရဟိတအဖွဲ့က ယာဉ်မောင်းတွေကိုလည်း ကာကွယ်ဆေးထိုးနှံပေးနေပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာမြို့နယ် ဆေးရုံကြီးတွေမှာ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးမထိုးနှံမီ ရောဂါအခံရှိလားမေးမြန်းပြီး၊ သွေးပေါင်ချိန်ခြင်း၊လိုအပ်တဲ့စစ်ဆေးမှုပြုလုပ်ကာ ထိုးနှံပေးတာဖြစ်တယ်လို့သိရပါတယ်။ကာကွယ်ဆေးထိုးပြီးနောက် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းမပြုလုပ်ဖို့ ပြောဆိုတယ်လိုသိရပါတယ်။
"သွေးပေါင်ချိန်တယ်။ တန်းစီ ရတယ်။ လက်မှတ်ထိုးရတယ်။ နဂိုရောဂါအခံရှိလားမေးတယ်။အရက်ဆေးလိပ်မသောက်ရပြောတယ်။ ကျန်တာမပြော။ အဆင်ပြေတယ်။ မနာဘူး"လို့ ပြည်မြို့နယ်ထဲက ကာကွယ်ဆေးထိုးနှံပြီးတဲ့ သူနာပြုတစ်ဦးကပြောပြပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပြည်မြို့မှါဆိုရင် ကုတင် ၅၀၀ ဆေးရုံကြီးမှာ ထိုးနှံပေးနေတာဖြစ်ပြီး ဝန်ထမ်းစုစုပေါင်း ၅၇၀ ကျော်ရှိပါတယ်။
ပဲခူးတိုင်းတစ်တိုင်းလုံး အနေနဲ့ဆိုရင်တော့ ကနဦး ကာကွယ်ဆေးထိုးမယ့်သူ ၈၀၀၀ လောက်ရှိတယ်လို့သိရပါတယ်။
ပြည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ရောဂါတိုက်ဖျက်ရေးဌာနက ဝန်ထမ်းတွေ၊ ပြည်သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမတွေ၊ ဝန်ထမ်းတွေကိုတော့ ပြည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှာပဲ Covid-19 ကာကွယ်ဆေး ထိုးနှံပေးခဲ့တာဖြစ်ပါတယ်။