တပ်မတော်သားတွေ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးဖို့ တပ်မတော်အနေနဲ့ ထူးခြားပြီး လုပ်စရာအကြောင်းမရှိဘဲ နိုင်ငံတော်အစိုးရ အစီအစဉ်အတိုင်းသာရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ (၂၆) ရက်က နေပြည်တော်စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်အနေနဲ့ တပ်မတော်သားတွေကို ကိုဗစ်ကာကွယ်ဆေး ဘယ်တော့ထိုးနိုင်မလဲ၊ အစိုးရကထိုးပေးမယ့် ကိုဗစ်ကာကွယ်ဆေးကို တပ်မတော်က ဝေစုရ၊မရ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းစဉ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
“ ကျွန်တော်တို့ပြောချင်တာက ဒါနဲ့ပတ်သက်လို့ နိုင်ငံတော် အစိုးရမှာ သူ့အစီအစဉ်နဲ့သူရှိလိမ့်မယ်။ တပ်မတော်အနေနဲ့ ထူးခြားပြီးလုပ်စရာအကြောင်းမရှိပါဘူး။” လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
ဒါ့အပြင် ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ တပ်မတော်ကို ကိုဗစ်ကာကွယ်ဆေးလှူဒါန်းခဲ့ပြီး အဲဒီကာကွယ်ဆေးတွေက သုတေသနလုပ်ဆောင်ဖို့ ဖြစ်ပြီး လက်ရှိအချိန်ထိ တပ်မတော်သားတွေကို ကိုဗစ်ကာကွယ်ဆေးကြိုတင်ထိုးနှံတာမျိုးမရှိသေးဘူးလို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
“ ကျွန်တော်သိတာကတော့ Sputnik (ရရှားနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး) လှူဒါန်းသွားတာပါ။ ဒါက အရေအတွက်နည်းနည်းလေးပဲဖြစ်ပါတယ်။ ထောင်ဂဏန်းတောင်မရှိပါဘူး။ ကျွန်တော်တို့ဆီမှာ ဆေးသုတေသနလုပ်ဖို့ပဲ ဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးတဲ့သူမရှိပါဘူး။ စမ်းသပ်နေတာပဲရှိပါတယ်။ စမ်းသပ်နေတဲ့အရေအတွက်ကလည်း ခုနက ကျွန်တော်ပြောသလိုပဲ ထောင်ဂဏန်းဆိုတာ ရာဂဏန်းတစ်ဝက်လောက်တောင်မရှိပါဘူး။ “ လို့ ပြောပါတယ်။
ဒါ့အပြင် ကိုဗစ်ရောဂါရှိသူတွေ၊ ကိုဗစ်ရောဂါရှိသူတွေနဲ့ တိုက်ရိုက်ထိတွေ့သူတွေ ရှိပါက တပ်မတော်ရဲ့ ဆေးသုတေသနလုပ်ဆောင်ချက်အရ စိတ်ချရမယ်ဆိုရင် အဆိုပါ ဆေးကို ထိုးနှံပေးသွားမယ်လို့လည်း ဗိုလ်မှူးချူပ်ဇော်မင်းထွန်းကပြောကြားခဲ့တာပါ။
ကိုဗစ်ကာကွယ်ဆေးကို ဒီကနေ့ဇန်နဝါရီ (၂၇) ရက်မှာတော့ တစ်နိုင်ငံလုံးက ကျန်းမာရေးဝန်ထမ်းတွေကို တစ်ပြိုင်တည်းထိုးနှံပေးခဲ့ပြီး ဇန်နဝါရီ (၂၉) မှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဇန်နဝါရီ (၃၀) မှာတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို အသီးသီးထိုးနှံပေးသွားမှာဖြစ်တယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။