ပြည်နယ်ခေါင်းဆောင်တွေအနေနဲ့ ကာကွယ်ဆေးကိစ္စကို ဆွေးနွေးကြရန် တောင်းဆိုထားပါတယ်။

ဂျာမနီဟာ အနည်းဆုံး လာမယ့် ဧပြီလအထိ COVID-19 ကာကွယ်ဆေးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရကြောင်း ကျန်းမာရေးဝန်ကြီးက ယနေ့ (ဇန်နဝါရီ ၂၈ ရက်) သတိပေးလိုက်ပြီး နိုင်ငံရဲ့ ပြည်နယ်ခေါင်းဆောင်တွေအနေနဲ့ ကာကွယ်ဆေးကိစ္စကို ဆွေးနွေးကြရန် အစည်းအဝေးတစ်ရပ်ပြုလုပ်ရေး တောင်းဆိုလိုက်ပါတယ်။

(ဂျာမန်ကျန်းမာရေးဝန်ကြီး Jens Spahn) (Photo: Reuters)

"ကျွန်တော်တို့ ကာကွယ်ဆေးပြတ်လပ်မှုနဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ ရက်သတ္တပတ် အနည်းဆုံး ၁၀ ပတ်ရှိပါလိမ့်မယ်" လို့ ဂျာမန်ကျန်းမာရေးဝန်ကြီး Jens Spahn က Twitter မှာ ရေးသားထားပြီး ဥရောပက ကာကွယ်ဆေးကို မည်သို့ မျှမျှတတ ခွဲဝေးပေးမှုနဲ့ ကာကွယ်ဆေးဖြန့်ဖြူးမှု လုပ်ငန်းစဥ်ကို ကူညီထောက်ပံ့ရန် လုပ်ဆောင်နိုင်တာကို အဓိကထား ဆွေးနွေးသင့်ကြောင်းလည်း ဖြည့်စွက်ပြောခဲ့ပါတယ်။



ဂျာမန်အဓိပတိ အန်ဂျလာမာကယ်က ကျန်းမာရေးဝန်ကြီးရဲ့ အစည်းအဝေးကိစ္စ အဆိုပြုထားမှုကို ထောက်ခံခဲ့ကြောင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံဆွေးနွေးရန် စီစဥ်နေပြီလို့ သူမရဲ့ ပြောခွင့်ရအမျိုးသားက ဆိုပါတယ်။ ဂျာမန်အစိုးရဟာ ကာကွယ်ဆေးထိုးတဲ့အစီအစဥ်နဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရပြီး နေ့စဥ် ကာကွယ်ဆေးထိုးပေးမယ့်သူ အရေအတွက်ကို မပြည့်မီခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: EPA)

ဥရောပသမဂ္ဂနဲ့ ဗြိတိန်အခြေစိုက် AstraZeneca ဆေးဝါးကုမ္ပဏီတို့ကြား ကာကွယ်ဆေးပေးသွင်းမှုအပေါ် အချေအတင် ဖြစ်နေခဲ့စဥ်အတွင်း ဂျာမန်ကျန်းမာရေးဝန်ကြီးရဲ့ မှတ်ချက်ပြု ပြောကြားချက် ထွကပေါ်လာခဲ့တာ ဖြစ်ပါတယ်။ AstraZeneca ရဲ့ ဥရောပအခြေစိုက် စက်ရုံတွေမှာ ထုတ်လုပ်ရေးပိုင်းကိစ္စများကြောင့် ဥရောပအဖွဲ့ဝင် ၂၇ နိုင်ငံသို့ COVID-19 ကာကွယ်ဆေးကို ကတိပြုထားတဲ့ အရေအတွက်အတိုင်း ပေးပို့နိုင်မှာမဟုတ်ဘူးလို့ ကုမ္ပဏီက ထုတ်ဖော်ပြောခဲ့ပါတယ်။

သို့သော် ဥရောပသမဂ္ဂကတော့ AstraZeneca အနေနဲ့ ၎င်းရဲ့ ကတိကဝတ်တွေကို လေးစားရမှာဖြစ်ပြီး ဗြိတိန်မှာထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေကို အစားထိုး‌ ပေးပို့ရမယ်လို့ တုံ့ပြန်ထားပါတယ်။ ဆက်စပ်သတင်းတစ်ရပ်အရ ဂျာမနီ ကာကွယ်ဆေးကော်မတီက AstraZeneca ကာကွယ်ဆေးကို အသက် ၆၅ နှစ်အောက် လူတွေကိုသာ ထိုးပေးသင့်ကြောင်း ထုတ်ပြန်လိုက်ပြီး ထိုအသက်အရွယ်တွေကိုသာ ထိုးပေးသွားတော့မယ်လို့ သိရပါတယ်။

(Photo: AFP)

ကော်မတီက အဆိုပါ COVID-19 ကာကွယ်ဆေးဟာ အသက် ၆၅ နှစ်နဲ့အထက် အရွယ်တွေအတွက် ထိရောက်မှုနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်မရှိခြင်းကြောင့်လို့ ဆိုပါတယ်။ ဂျာမနီ ကာကွယ်ဆေးကော်မတီရဲ့ ယခုထုတ်ပြန်မှုဟာ နိုင်ငံမှာ COVID-19 ကာကွယ်ဆေးပြတ်လပ်မှု ရင်ဆိုင်နေရကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

AstraZeneca ဆေးဝါးကုမ္ပဏီနဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့ကတော့ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ချက်ချင်းပင် တုံ့ပြန်ခဲ့ကြပြီး ထိုကာကွယ်ဆေးကို ဗြိတိန်မှာ အသက် ၆၅ နှစ်နဲ့အထက်အရွယ် သက်ကြီရွယ်အိုတွေအား ကျယ်ကျယ်ပြန့်ပြန့် ထိုးပေးနေခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဂျာမနီဟာ ဥရောပနိုင်ငံတွေအနက် COVID-19 ကူးစက်မှုအများဆုံးထဲမှာ ပါဝင်နေပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂.၁၈ သန်းနဲ့ သေဆုံးသူ ၅၅,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က