ဆေးထိုးပြီး (၁၂)နာရီအကြာမှာ ဝေဒနာခံစားရပေမယ့် ဆိုးဝါးတဲ့ဝေဒနာမဟုတ်ဘူးလို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ကာကွယ်ဆေးကို ဇန်နဝါရီ ၂၇ရက်က ပထမဆုံးအကြိမ်ထိုးနှံခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲက သုံးပုံတစ်ပုံကတော့ ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပေါ်တတ်တဲ့ ဖျားနာကိုက်ခဲဝေဒနာကို ခံစားကြရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ကာကွယ်ဆေးထိုးပြီးနောက် ၁၂နာရီလောက်အကြာမှာ ဒီလက္ခဏာတွေကို ခံစားကြပေမယ့် ဆိုးဆိုးဝါးဝါးမဟုတ်တာကြောင့် ခဏနဲ့သက်သာတဲ့ ဝေဒနာတွေဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဇန်နဝါရီ (၂၈) ရက်က ပြုလုပ်တဲ့ ကိုဗစ်၁၉ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့စပ်လျဉ်းတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။



" လုံးဝမနာတဲ့အပြင် ကျွန်မခုနကပဲ မေးကြည့်တဲ့အခါကြတော့ ဘာမှလည်းဆိုးကျိုးတွေလည်း မရှိဘူးတဲ့။ ဒါပေမယ့် မနေ့တုန်းက အထိုးခံလိုက်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲမှာ ဆိုရင် သုံးပုံတစ်ပုံလောက်ကတော့ နည်းနည်းကိုက်ခဲတာတွေ၊ချမ်းသလိုဖြစ်တာတွေ ၊ အဖျားရှိသလိုလို နည်းနည်းဖြစ်တာတွေကို ၁၂နာရီလောက် ကြာတဲ့အခါကျတော့ ဖြစ်လာတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါးကြီး မဟုတ်ပါဘူး။ ခဏပါပဲ။ နောက်တော့ ကောင်းသွားပါတယ် " လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဓာတ်ပုံ-Myanmar State Counsellor Office

ကိုဗစ်ကာကွယ်ဆေးကြောင့် ဆိုးဆိုးရွားရွားဖြစ်ပေါ်တာ မရှိသလို ဒီလက္ခဏာတွေဟာ သာမန်တုပ်ကွေးကာကွယ်ဆေးထိုးချိန်မှာလည်း ခံစားရတဲ့ဝေဒနာပဲ ဖြစ်တာကြောင့် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို စနစ်တကျဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးစတင်ထိုးနှံပေးတာဟာ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြု ၊ ကျေးဇူးတင်တဲ့သဘောဖြစ်လို့ ပါးစပ်နဲ့ကျေးဇူးတင်စကားအစား လုပ်ရပ်နဲ့ဖော်ပြနိုင်ခဲ့လို့ အင်မတန်ကျေနပ်တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဇန်နဝါရီလ ၂၇ရက်က စတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ကိုဗစ်၁၉ကာကွယ်ဆေး စတင်ထိုးနှံဲခဲ့ပြီး ဇန်နဝါရီ (၂၈) ရက်နေ့အထိ (၆၈,၂၇၉) ဦးအထိ ထိုးနှံပေးခဲ့ပြီးဖြစ်တယ်လို့ ကျန်းမောရးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီနေ့ ဇန်နဝါရီ ၂၉ရက်မှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ထိုးနှံပေးမှာ ဖြစ်ပြီး မနက်ဖြန်မှာတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကို ထိုးနှံပေးမှာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က