အုပ်စု ၃ပွဲစလုံးကို အိမ်ကွင်း ပရိသတ် ရှေ့မှောက် ကစားခဲ့ရပေမယ့် ဆီမီးဖိုင်နယ်ပွဲမှာတော့ အင်္ဂလန်နိုင်ငံ ဝင် ဘလေကွင်းမှာ ဖြစ်လို့ ဗြိတိန်ရဲ့ ကန့်သတ်ချက်အရ ပရိသတ် လာအားပေးဖို့ အခက်တွေ့နေရတာပါ။
ဒိန်းမတ်အသင်းဟာ အင်္ဂလန်အသင်းနှင့် ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်ပွဲစဥ်အဖြစ် လာမယ့် မြန်မာ စံတော်ချိန် ကြာသပတေးနံနက် ၁နာရီခွဲမှာ ယှဥ်ပြိုင်ကစားရမှာပါ။
ဒီပွဲစဥ်ကို အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်းကြီးမှာ ကျင်းပသွားမှာ ဖြစ်လို့ ဒိန်းမတ်ပရိသတ်တွေ လိုက်ပါ အားပေး နိုင်ဖို့ အခက်တွေ့နေရပါတယ်။
အကြောင်းကတော့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ဟာ ဗြိတိန်နိုင်ငံအတွင်း ဝင်ထွက်သွားလာခွင့် မပြုထား သည့်နိုင်ငံစာရင်းမှာ ဒိန်းမတ်နိုင်ငံလည်း ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။
ကိုဗစ်ရောဂါပိုး ပျံ့နှံ့နေတဲ့အတွက် ဗြိတိန်ဝန်ကြီးချုပ်ဟာ ဗြိတိန် အင်ပါယာ နိုင်ငံများမှ လွဲ၍ အခြားနိုင်ငံများမှ သူများကို ဗြိတိန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ကန့်သတ်ထားလို့ပါ။
“ဒိန်းမတ်နိုင်ငံရဲ့ သမိုင်း တစ်ကွေ့အတွက် ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်အနေနဲ့ လက်ရှိ စည်းမျဥ်းတွေ ရေးဆွဲပြီး အိပ်ပျော်နေရာမှာ ခဏတာ နိုးထပေးလာဖို့ မျှောလင့်ပါတယ်။ထောင်ဂဏန်းလောက် ပရိသတ်တွေကိုသာ ဝင်ခွင့် ပေးစေဖို့ မျှော်လင့်ပါတယ်။”လို့ ဟုချ်မန်းက ဆိုပါတယ်။
အင်္ဂလန်နိုင်ငံကို ဝင်ခွင့်ရဖို့ဆိုရင် အနည်းဆုံး သီးသန့်နေထိုင်မှု ၁၀ရက်ခန့် ပြုလုပ်ပေးရမှာဖြစ်လို့ ဘောလုံးပွဲကို ပရိသတ်တွေ လာအားပေးဖို့ အခက်တွေ့နေရတာလည်း ဖြစ်ပါတယ်။
ဒိန်းမတ်အသင်းဟာ အုပ်စုတွင်း အဖွင့်ပွဲမှာ ဖင်လန်ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ယခုအခါ ဆီမိးဖိုင်နယ်အထိ တက် လှမ်းလာနိုင်အောင်စွမ်းဆောင်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ဒါဟာ အဆိုပါ ဖင်လန်နဲ့ပွဲတုန်းက နှလုံးရပ်ပြီး ကွင်းအတွင်း လဲကျသွားတဲ့ အဲရစ်ဆင်အတွက် ပြန်လည်ကျန်းမာ လာခြင်း လက်ဆောင်ကောင်းလည်း ဖြစ်စေခဲ့ပါတယ်။
အုပ်စုပွဲ ၃ပွဲစလုံးကို ဒိန်းမတ်အသင်းဟာ အိမ်ရှင်အဖြစ်နဲ့ ကိုပင်ဟေဂင် ကွင်းကြီးအတွင်း ပရိသတ် ရှေ့မှောက် ကစားခဲ့ရတာကလည်း ဒီအဆင့်ကို ရောက်လာစေတဲ့ အားတစ်ခုဖြစ်ခဲ့လို့ နည်းပြ ဟုချ်မန်းက အခုအချိန်မှာ ပရိ သတ်လိုတဲ့အကြောင်း ထုတ်ဖော်ပြောလာတာပါ။
ဒိန်းမတ်အသင်း အင်္ဂလန်အသင်းကို ပရိသတ် ရှေ့မှောက် ကစားခွင့်ရမလားဆိုတာကတော့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေပါတယ်။
Share