ချဲလ်ဆီး ဂန္တဝင်တိုက်စစ်မှူး ဒီဒီယာ ဒရော့ဂ်ဘာက ကိုယ့်ဘက်ကိုယ်ယက်ပြီး အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး မိုဟာမက် ဆာလားအနေနဲ့ လီဗာပူးလ်အသင်းကနေ ချဲလ်ဆီးကို အပြောင်းအရွှေ့ ပြုလုပ်သင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
မိုဟာမက် ဆာလားဟာ လက်ရှိမှာ လီဗာပူးလ်အသင်းနဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ပြောဆိုဆွေးနွေးနေသူဖြစ်ပြီး သိပ်မကြာခင်အချိန်အတွင်း ၂ ဖက် သဘောတူညီမှု မရရှိခဲ့ဘူးဆိုရင်တော့ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အန်းဖီးကို စွန့်ခွာရတော့မှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ကြယ်ပွင့်တိုက်စစ်မှူးကို ဆက်လက်ထိန်းသိမ်းထားချင်တဲ့ဆန္ဒရှိပေမယ့်လည်း ပြောဆိုဆွေးနွေးမှုတွေဟာ ရှေ့တက်နိုင်ခြင်းမရှိဘဲ ဆာလားကလည်း မာဆေးဆိုဒ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုမယ်ဆိုတဲ့ပုံစံမျိုး ပြသထားခြင်းမရှိတာဖြစ်ပါတယ်။
ချဲလ်ဆီးဂန္တဝင် ဒရော့ဂ်ဘာက ဆာလားရဲ့ အပြောင်းအရွှေ့ဇာတ်လမ်းအပေါ် ၎င်းရဲ့ ထင်မြင်ချက်ကို မေးမြန်းခြင်းခံခဲ့ရပြီး အီဂျစ်တိုက်စစ်မှူးကို အသင်းဟောင်းဖြစ်တဲ့ ချဲလ်ဆီးမှာ ကစားတာ မြင်ချင်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။
"ကိုယ့်ဘက်ကိုယ်ယက်ပြီး ပြောရမယ်ဆိုရင် ကျွန်တော် ဆာလားကို လီဗာပူးလ်အသင်းနဲ့လမ်းခွဲပြီး ချဲလ်ဆီးကို ပြန်သွားဖို့ ပြောမှာပါ။ ကျွန်တော့်အမြင်ကတော့ ဆာလားက လီဗာပူးလ်မှာပဲ ဆက်ရှိနေနေ၊ အသင်းပဲပြောင်းပြောင်း အကောင်းဆုံးအဖြစ် ရှိနေဦးမှာပါ"
"ဘယ်လိုအသင်းမျိုးမဆို သူနဲ့အတူဆိုရင် ပိုကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်မှာပါ။ ဘာလို့လဲဆိုတော့ သူက သူ ဘာလုပ်နေလဲဆိုတာ နားလည်ပြီး ဂိုးသွင်းတာနဲ့ ဂိုးဖန်တီးရာမှာ ကောင်းမွန်လို့ပါ။ နည်းပြရဲ့ ယုံကြည်မှုတစ်ခုပဲ သူ လိုအပ်တာပါ"
"သူ့ရဲ့ ဆုံးဖြတ်ချက်က ဘာလဲဆိုတာ ကျွန်တော် မသိပါဘူး။ အဲဒါက သူ တစ်ယောက်တည်း ချမှတ်ရမယ့် ဆုံးဖြတ်ချက်ဖြစ်ပြီး သူ့ရဲ့အနာဂတ်ပါ။ ဒါပေမယ့် သူ ဘယ်နေရာကိုပဲ သွားသွားပါ။ ကျွန်တော်က သူ့ရဲ့ ပရိသတ်တွေထဲက တစ်ဦးဖြစ်နေမှာပါ"လို့ Al-Axis TV ကို ပြောကြားခဲ့ပါတယ်။