FCC ပိတ်ပင်ချက်ဟာ တယ်လီကွန်းလုပ်ငန်းငယ်တစ်ချို့ ဒေဝါလီခံအောင် ဖိအားပေး‌နေတယ်လို့ ဆိုပါတယ်

ဖက်ဒရယ်ထောက်ပံ့ငွေသုံးပြီး Huawei ပစ္စည်းဝယ်ယူမှု တားမြစ်တာကြောင့် ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် FCC ကို Huawei မှ တရားစွဲထားပါတယ်။

ဒေါ်လာ ၈.၅ ဘီလျံတန် USF ရန်ပုံငွေဟာ အမေရိကန်ကျေးလက်လူမှုအသိုင်းအဝိုင်းအတွင်း ဆက်သွယ်ရေးအခြေခံအဆောက်အဦများ တည်ဆောက်ဖို့ ပစ္စည်းအစိတ်အပိုင်း ဝယ်ယူနိုင်အောင် ထောက်ပံ့ထားတာပါ။ FCC ကနေ ချပေးသွားမယ့် Universal Service Fund (USF) အထောက်ပံ့ခံ carriers တွေအနေနဲ့ Huawei နဲ့ ZTE တို့ဆီက ပစ္စည်းအစိတ်အပိုင်းများ ဝယ်ယူခွင့် ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။




FCC ဥက္ကဌ အဂျစ်ပိုင် (Photo: arstechnica)

နိုဝင်ဘာ ၂၂ ရက်နေ့က အတည်ပြုလိုက်တဲ့ FCC ရဲ့ ဒီအမိန့်ဟာ ဥပဒေနဲ့ မညီတဲ့ ပိတ်ပင်မှုဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု အယူခံရုံးမှာ Huawei က စွဲဆို လျှောက်ထားတာဖြစ်တယ်လို့ Tech Crunch သတင်းက ဆိုပါတယ်။ FCC ဟာ Huawei နဲ့ ZTE ကို အမျိုးသားလုံခြုံရေးဘေးအန္တရာယ်တွေအဖြစ် သတ်မှတ်ပြီး ထောက်ခံမဲ ၅ မဲ ၊ ကန့်ကွက်မဲ မရှိ တညီတညွတ်တည်း မဲပေးခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့က ရှန်းကျင့်မှာ ပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ Huawei တရားရေးအရာရှိချုပ် ဆောင်းလီယုပင်က " Huawei လို ကုမ္ပဏီကို တရုတ်မှာ လုပ်ငန်းစထောင်ခဲ့လို့ ပိတ်ပင်တယ်ဆိုတာ ဘယ်လို ဆိုင်ဘာလုံခြုံရေး စိန်ခေါ်မှုကိုမှ ပြေလည်မှာ မဟုတ်ပါဘူး။ အခုလို ဆုံးဖြတ်တုန်းကလည်း FCC အနေနဲ့ Huawei ကို သက်သေအထောက်အထားနဲ့ စစ်ဆေးအတည်ပြုတာ ၊ ဥပဒေနဲ့အညီ ဖြေရှင်းခွင့်ပေးတာမျိုး မရှိခဲ့ပါဘူး" လို့ ဆိုပါတယ်။

FCC ဟာ ၂၀၁၈ မတ်လကစလို့ Huawei ဟာ လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ကောင်းကြောင်း အဆိုတင်သွင်းခဲ့ပြီးနောက် Huawei နဲ့ ကျေးလက်တယ်လီကွန်းကုမ္ပဏီတွေဘက်က တင်ပြခဲ့တဲ့ အချက်အလက်တွေနဲ့ ဖြေရှင်းမှုကို လျစ်လျှူရှုခဲ့တယ်လို့ လည်း ဆောင်းက ဆိုပါတယ်။ FCC အမိန့်ကြောင့် နယ်စပ်ဒေသတွေက လူတွေနဲ့ စီပွားရေးလုပ်ငန်းများ ထိခိုက်စေနိုင်တဲ့ အသေးစိတ် မှတ်ချက်တွေကို Huawei ဘက်က ၂၁ ကြိမ်တိုင် တင်သွင်းခဲ့ပြီး ပယ်ချခံရတယ်လို့လည်း ဖော်ပြထားပါတယ်။

ကွန်ဂရက်အတွင်း ပြုလုပ်တဲ့ ကြားနားမှုမှာ FCC ဥက္ကဌ အဂျစ်ပိုင်က " အမေရိကန်ရဲ့ လုံခြုံရေး နဲ့ ကျွန်တော်တို့ရဲ့ 5G အနာဂါတ်အပေါ် Huawei နဲ့ ZTE တို့ဟာ ခြိမ်းခြောက်မှု ရှိလာတာကြောင့် FCC အနေနဲ့ ဘေးထွက်ထိုင်ကြည့်နေလို့ မဖြစ်ပါဘူး။ ဒါက နိုင်ငံရေးပြဿနာတစ်ခု မဟုတ်ပါဘူး။ " လို့ပြောကြားထားပါတယ်။

Huawei နဲ့ ZTE တို့ဟာ အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှုတွေ အဖြစ် အမေရိကန်ကွန်ဂရက်ဟာ ၂၀၁၂ ခုနှစ်ကတည်းက စတင် သတ်မှတ်ခဲ့ပေမယ့် တရုတ်နဲ့ အမေရိကန် ကုန်သွယ်စစ်မတိုင်ခင်အထိ နိုင်ငံအဆင့် အရေးယူမှု မလုပ်ဆောင်ခဲ့ပါဘူး။

Photo: CNN


အမေရိကန်က တယ်လီကွန်းကုမ္ပဏီ အကြီးစားကြီးတွေဟာ တရုတ်တယ်လီကွန်းတွေ ဖြစ်တဲ့ Huawei နဲ့ZTE တို့ရဲ့ ပစ္စည်းအစိတ်အပိုင်းတွေ မသုံးကြပေမယ့် ကျေးလက် carriers ငယ်တွေကတော့ ဈေးသက်သာပြီး အရည်အသွေးမြင့်တဲ့ မိုဘိုင်းကွန်ရက်ပစ္စည်းတွေအတွက် Huawei နဲ့ZTE တို့အပေါ် အားကိုးနေရတာပါ။

Reuters သတင်းအရ တယ်လီကွန်းတစ်ချို့ဟာ Nokia နဲ့ Ericsson တို့ကို ပြောင်းလဲ အသုံးပြုဖို့ စဉ်းစားနေပေမယ့် ဈေးနှုန်းအရ Huawei ပေးတဲ့ ဈေးမျိုးနဲ့ ဝယ်လို့ မရတဲ့ ပြဿနာလည်း ရှိထားပါတယ်။ Huawei ရဲ့ တရားရေးအရာရှိချုပ်ဆောင်းကတော့ FCC ရဲ့ အခုလို ပိတ်ပင်ချက်ကြောင့် တယ်လီကွန်းလုပ်ငန်းငယ်တစ်ချို့ ဒေဝါလီခံအောင် ဖိအားပေးနေပြီး ဒေါ်လာသန်း ရာပေါင်းများစွာ ကုန်ကျမှု ရှိလာမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က