အလုပ်လျှောက်ထားတဲ့အခါ ပထမဆုံး ကိုယ့်ကို အကဲဖြတ်မယ့် ကိုယ့်ရဲ့ CV မှာ မမှားသင့်တဲ့ အမှားတွေ ပြုလုပ်မိသွားပြီဆိုရင် အလုပ်ရဖို့နေနေသာသာ အင်တာဗျူးခေါ်ဖို့တောင် မသေချာတော့ပါဘူး။
ကျောင်းပြီးစ လူငယ်တွေက အလုပ်လိုချင်ကြပေမဲ့ CV တစ်စောင်ရဲ့ အရေးပါမှုကို မသိတဲ့အတွက် အမှားတွေ လုပ်တတ်ကြပါတယ်။ သင့်အတွက်တော့ မသိသာပေမဲ့ လုပ်သက်ကြာပြီ ဖြစ်တဲ့ အလုပ်ခေါ်သူကတော့ ဒီအမှားတွေကို မြင်တဲ့အခါ ချက်ချင်းသိပြီး သင့်ကို ပေါ့ဆသူ၊ အလုပ်အပေါ် အလေးမထားသူအဖြစ် မြင်သွားတတ်ပါတယ်။ ဒီတော့ CV ရေးတော့မယ်ဆိုရင် ဘယ်လို အချက်တွေက ရှောင်ကို ရှောင်ရမလဲ၊ ဘယ်လို အချက်တွေက လုံးဝမမှားသင့်ဘူးဆိုတာ ပြောပြမယ့် ဒီအချက် ၅ ချက်က သင့်အတွက် အထောက်အကူဖြစ်မှာပါ။
၁။ ၁စာလုံးဆိုဒ်တွေ မညီမညာဖြစ်နေခြင်း
CV ဖောင်မှာ စာလုံးဆိုဒ်တွေ မညီမညာဖြစ်နေတာတွေကို အတော်ကို ကြည့်ရဆိုးပါတယ်။ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့်လည်း မညီညာတဲ့ စာလုံးဆိုဒ်တွေ ပါနေတဲ့ CV ဟာ အလုပ်ခန့်ထားမယ့်သူရဲ့ အမြင်မှာ ဆက်ကြည့်မနေချင်တော့လောက်အောင် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါ့ကြောင့် CV ပြင်တဲ့အခါမှာ စာလုံးဆိုဒ်တွေဟာ ညီရဲ့လားဆိုတာကို ပထမဆုံး အနေနဲ့ ဦးစားပေးစစ်ဆေးပါ။
၂။ စာလုံးပေါင်းအမှားတွေ ဖြစ်နေခြင်း
ဒုတိယအချက်ကတော့ စာလုံးပေါင်းအမှားတွေ ဖြစ်ပါတယ်။ အလုပ်ခန့်ထားရေးအတွက် အရမ်းအရေးပါတဲ့ CV တစ်စောင်ဟာ စာလုံးပေါင်းအမှားတွေနဲ့ ဖြစ်နေရင် လုံးဝအဆင်မပြေပါဘူး။ စာလုံးပေါင်းအမှားတွေဟာ ကိုယ့်ကို အလုပ်အပေါ်မလေးစားတဲ့သူ၊ အသုံးမကျတဲ့ သူတစ်ယောက်ဖြစ်သွားစေနိုင်ပါတယ်။ CV Form မှာတောင် စာလုံးပေါင်းမှန်အောင်မရေးသားနိုင်သူကို အလုပ်ခန့်ဖို့ဆိုတာ ခဲယဥ်းပါလိမ့်မယ်။
၃။ အချက်အလက်ကလွဲလို့ ဘာမှပြင်ဆင်မထားခြင်း
မိတ္တူဆိုင် ဒါမှမဟုတ် အွန်လိုင်းပေါ်က တွေ့တဲ့ Sample တွေကိုယူပြီး အချက်အလက်တွေသာ ထည့်သွင်းရေးသားလိုက်တာမျိုးကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။ အလုပ်ခန့်ထားမယ့်သူက သင်ဟာ သူခေါ်ယူထားတဲ့ အလုပ်နဲ့ ဘယ်လောက် ကိုက်ညီမှုရှိမရှိ၊ သင့်ရဲ့ အရည်အချင်း စွမ်းဆောင်ရည်တွေဟာ ဘယ်လောက်ရှိသလဲဆိုတာကို ကြည့်ပြီး အလုပ်ခန့်သင့်မခန့်သင့် ဆုံးဖြတ်မှာ ဖြစ်တဲ့အတွက် သာမန်အချက်အလက်လေးတွေသာ ရေးသားဖော်ပြတာမျိုးကို ရှောင်ကြဥ်ပြီး ကိုယ်လုပ်တတ်တဲ့အရာ ၊ ကိုယ့်ရဲ့ အရည်အချင်း ၊ လုပ်ကိုင်နိုင်မှု စွမ်းရည်နဲ့ ဒီအလုပ်ဟာ ကိုယ်နဲ့ အကိုက်ညီဆုံးဖြစ်ကြောင်း ရေးသားဖော်ပြဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်း( certificate) တွေကိုပါ တပါတည်း ပူးတွဲပေးပို့လိုက်ဖို့လိုပါတယ်။
ကိုယ်လုပ်တတ်တဲ့အရာ ၊ ကိုယ့်ရဲ့ အရည်အချင်း ၊ လုပ်ကိုင်နိုင်မှု စွမ်းရည်နဲ့ ဒီအလုပ်ဟာ ကိုယ်နဲ့ အကိုက်ညီဆုံးဖြစ်ကြောင်း ရေးသားဖော်ပြဖို့ လိုအပ်ပါတယ်။
၄။ ဆက်သွယ်ရမယ့် နေရာတစ်ခုသာ ထည့်သွင်းရေးသားထားခြင်း
တချို့တွေက CV ဖောင်မှာ ဆက်သွယ်ရမယ့် လိပ်စာ၊ ဖုန်းနံပါတ်တို့ကို တစ်ခုတည်းသာ ရေးသားဖော်ပြလေ့ရှိကြပါတယ်။ အိမ်နေရာနဲ့ ဖုန်းဆိုတာဟာ အခန့်မသင့်ရင် ပြောင်းလဲသွားနိုင်တာမျိုး ရှိတဲ့အတွက် CV Form မှာ ဆက်သွယ်ရမယ့် လိပ်စာ ၊ ဖုန်းနံပါတ် ကို ထည့်သွင်းတဲ့ အခါမှာ တစ်ခုထက်ပိုတဲ့ ဖုန်းနံပါတ် ဒါမှမဟုတ် မိဘဖုန်းနံပါတ်တို့ကိုပါ ထည့်သွင်းရေးသားတာမျိုးပြုလုပ်သင့်ပါတယ်။
၅။ ကိုယ့်မှာ မရှိတဲ့အရာတွေကို ထည့်သွင်းရေးသားခြင်း
တချို့လူငယ်တွေက အလုပ်လျှောက်လွှာမှာ အလုပ်လိုချင်ဇောတွေကြီးပြီး ကိုယ့်မှာ တကယ်မရှိတဲ့အရာတွေ၊ အတွေ့အကြုံတွေကို ထည့်သွင်းရေးသားလိုက်တာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ ဒါဟာ လုံးဝမပြုလုပ်သင့်တဲ့ အရာပဲဖြစ်ပါတယ်။ ကိုယ့်မှာရှိတဲ့ အရာတွေကိုရိုးရိုးသားသားချရေးပြီး ကိုယ်ဟာ တကယ်ပဲ ဒီအလုပ်နဲ့ ကိုက်ညီမှုရှိသူဆိုတာကို ပေါ်လွင်အောင် ရေးသားဖော်ပြနိုင်မယ်ဆိုရင်တော့ အလုပ်ရရှိနိုင်ဖို့ အလားအလာရှိပါတယ်။
ဒီအချက် ၅ ချက်ကို ရှောင်ကြဥ်ပြီး ကောင်းမွန်မှန်ကန်တဲ့ CV တစ်စောင်ကို သေချာပြင်ဆင်ကာ အထက်ပါပြောထားတဲ့ အချက်တွေကို ထပ်ခါတလဲလဲ စစ်ဆေးပြီးမှသာ အလုပ်လျှောက်ဖို့ တိုက်တွန်းချင်ပါတယ်။
ဒီလိုကပ်ရောဂါ အကြပ်အတည်းကာလမှာ လျှောက်နိုင်တဲ့ အလုပ်အကိုင် နေရာတွေကို သေချာလေ့လာပြီး CV ရေးတဲ့အခါ ပါရမယ့်အချက်အလက်တွေကိုလည်း သေချာထည့်သွင်းပြီး ပြင်ဆင်ထားဖို့လည်း မမေ့နဲ့နော်။CV မှာ မမှားသင့်တဲ့ အမှားတွေလည်း သိသွားပြီ၊ CV ကို သေချာပြင်ဆင်ပြီးသွားပြီဆိုရင်တော့ https://www.myjobs.com.mm/ ကနေတစ်ဆင့် ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်တွေကို ရှာဖွေနိုင်လျှောက်ထားကြည့်လိုက်နော်။