မနက်ဖြန်သွားတွေ့တော့မှာပါ။

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဇေရဲထက်က သူ့ကို အရမ်းတွေ့ချင်နေတဲ့ အမာခံပရိသတ်တစ်ယောက် ဆီ သွားတွေ့တော့မှာပါ။ အဲ့ဒီပရိသတ်အတွက်လည်း လိုအပ်တာတွေ ကူညီပေးဖို့ သူကိုယ်တိုင် အလှူခံလျက်ရှိပါတယ်။

Photo : ဇေရဲထက် FB



သရုပ်ဆောင် ဇေရဲထက်က သူ့ကို အရမ်းတွေ့ချင်နေတဲ့ အမာခံပရိသတ်မိန်းကလေးဆီ ဖေဖော်ဝါရီ(၅) ရက်နေ့မှ သွားရောက်တွေ့ဆုံတော့မှာပါ။ ဇေရဲထက် ရောက်အလာကို မျှော်နေတဲ့ မိန်းကလေးအတွက်လည်း သူကိုယ်တိုင် လိုအပ်တာတွေ အလှူခံလျက်ရှိပါတယ်။

“ညီမလေးကို ၅ ရက်နေ့ သွားတွေ့မှာဖြစ်လို့ ညီမလေးအတွက် ဘာပဲ လှူချင်လှူချင် ကျွန်တော့်ဆီကို လာပေးလို့ရပါတယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ဇေရဲထက် FB

အခုဆိုရင် အဲ့ဒီ မိန်းကလေးအတွက် အဝတ်အစားတွေ ၊ အလှပြင်ပစ္စည်းတွေ စုံစုံလင်လင်ရရှိနေပြီ ဖြစ်ပါတယ်။ သူ့ကို အားပေးတဲ့ မိန်းကလေးရဲ့ ဗီဒီယိုကို မြင်လိုက်ချိန်မှာလည်း အရမ်းကို ခံစားရတယ်လို့ ဇေရဲထက်က ဆိုပါတယ်။

“ဗီဒီယိုကို မြင်လိုက်တဲ့အချိန်မှာ ဘယ်လိုပြောရမလဲ မခံစားနိုင်အောင် ဖြစ်ရတယ်။ ကိုယ်တွေလည်း မပြည့်စုံတဲ့ ဘဝက လာရတာ ကိုယ်ချင်းစာတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သရုပ်ဆောင်တွေကို အရမ်းသဘောကျခဲ့တာလေ။ မင်းသားမင်းသမီး မပြောနဲ့ ဇာတ်ပို့ဇာတ်ရံ လူကြမ်းတွေ့တာတောင် အရမ်းပျော်တယ်။ အရမ်းမက်မောတယ်။ အပြင်မှာတွေ့ရင်လည်း ရင်တွေခုန်ပေ့ါ။ ကိုယ့်တုန်းကလည်း အဲ့လိုရှိခဲ့တာ။ အခုသူလည်း ကျွန်တော့်ကို တွေ့ချင်တယ်ဆိုတော့ သူ့နေရာမှာ ကျွန်တော်ခံစားမိတယ်။ အစကတော့ သူ့ကို Surprise လုပ်ဖို့ပဲ ဒါပေမဲ့ မလုပ်တော့ဘူး ၅ရက်နေ့ လာမယ်လို့ပဲ ပြောလိုက်တယ်” လို့ ဇန်နဝါရီ(၂၉) ရက်နေ့က Duwun Media သို့ ဇေရဲထက်က ပြောပြခဲ့တာပါ။

ဇေရဲထက်ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက်ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေကြားကနေ အခုဆိုရင် အောင်မြင်တဲ့ အနေအထားတစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က