ပပဝင်းခင်က အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စဉ်းစားပေးရမယ့်သူ တွေ့နေပြီလို့ ဆိုပါတယ်။ သူမ စိတ်ကူးထားတဲ့ အိမ်ထောင်ဖက်တစ်ယောက်ရဲ့ အရည်အချင်းတွေကို ပြောပြလာပါတယ်။
Photo: Pa Pa Win Khain
သရုပ်ဆောင် ပပဝင်းခင်ဟာ အသက် ၃၀ ကျော်အရွယ်အမျိုးသမီး အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ ဒီအရွယ်အထိ လှပနုပျိုနေဆဲ မင်းသမီးချောလေး တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ အိမ်ထောင်ရေးကိုလည်း ပရိသတ်တွေက စိတ်ဝင်တစားရှိလှပါတယ်။ ဒီနေ့ အချိန်ထိ အိမ်ထောင်မပြုဖြစ်သေးတဲ့ အကြောင်းကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။
‘’ အဓိကက မိသားစုကို အချိန်ပေးဖြစ်တာပေါ့နော်။ အဖေ၊ အမေ ကျန်းမာရေးနဲ့ စီးပွားရေးကို ကူညီပေးဖြစ်နေတယ်။ တစ်ခါတလေကျရင် အချိန်တွေက ကုန်မှန်းမသိကို ကုန်တတ်တယ်လေ။ စိတ်ချမ်းသာရပါတယ်’’ လို့ ဆိုပါတယ်။
Photo: Pa Pa Win Khain
ပပဝင်းခင်ကို ချစ်ခွင့်ပန်၊ လက်ထပ်ခွင့်ပန်တဲ့ သူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုချိန်မှာတော့ သူမကိုယ်တိုင် စဉ်းစားပေးနေရတဲ့သူ ရှိနေပြီဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။
‘’ ကြုံတာပေါ့။ ကြုံပေမယ့် အဓိကက ဖူးစာနဲ့လည်းဆိုင်တယ်လေ။ တကယ်ချစ်တဲ့လူ၊ တကယ်ဖူးစာပါတဲ့လူဆိုတာ သူ့ဘာသာသူ ပေါ်လာမှာပေါ့နော်။ စဉ်းစားပေးနေရတဲ့သူတော့ ရှိပါတယ်။ ပပကိုလည်း ချစ်တဲ့သူ ပပကလည်းချစ်တဲ့သူ၊ ကိုယ်ချင်းစာတရားရှိပြီး အကျင့်စာရိတ္တကောင်းတဲ့သူ၊ မေတ္တာရှိတဲ့သူက မိန်းကလေးတစ်ယောက်အတွက် အဓိကပေါ့နော်။ တွေ့လည်း တွေ့ခဲ့ပါတယ်’’ လို့ သူကဆိုပါတယ်။
Photo: Pa Pa Win Khain
မိဘတွေကလည်း ပပရဲ့ အိမ်ထောင်ရေးအပေါ် ဝင်ရောက် ဆုံးဖြတ်ပေးတာမျိုးတွေ မရှိပါဘူးတဲ့။ အချစ်ရေးနဲ့ ပတ်သက်ပြီး စဉ်းစားတတ်တဲ့ အရွယ်မှာကတည်းက ကိုယ်ပိုင်စိတ်ကြိုက်ရွေးချယ်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
‘’ အိမ်ထောင်ပြုဖို့ အထူးတလည် ပိတ်ပင်တာမျိုး၊ ကန့်သတ်တာမျိုးတော့ မရှိဘူး။ ပပချစ်တဲ့ သူကိုပဲ ရွေးချယ်လို့ရတာပေါ့။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အသက်အရွယ်ကြီးလာတာနဲ့ အမျှ ပိုပိုပြီးတော့ ရင့်ကျက်လာတာပေါ့’’ ဆိုပြီးတော့ သူထူးစံနဲ့ ထိုက်ဆုဝင်း တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Pa Pa Win Khain
အသက် ၃၀ ကျော်ပြီဖြစ်တဲ့ ပပဝင်းခင်ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ကောလာဟလတွေ မရှိသလို ပရိသတ်ကိုလည်း ဖွင့်ဟပြောပြလာတာမျိုး မရှိသေးပါဘူး။ စီးပွားရေး အလုပ်တွေ၊ဘာသာရေးအလုပ်တွေနဲ့ ပျော်ရွှင်နေသူတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့အစ်ကိုဖြစ်သူ သရုပ်ဆောင်ကျော်ရှိန်းကလည်း မိသားစု စီးပွားရေးတွေမှာ ဝိုင်းဝန်းလုပ်ကိုင်နေပါတယ်