ဆာလာအောင်မြင်နေတဲ့အပေါ် တောရက်စ်က ဝမ်းသာပျော်ရွှင်နေတာပါ။

လီဗာပူးနဲ့ စပိန်တိုက်စစ်မှူးဟောင်းကြီး ဖာနန်ဒိုတောရက်စ်က လက်ရှိအချိန်မှာ ဆာလာက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေပြီလို့ ထောက်ခံပြောကြားခဲ့ပါတယ်။ ဒီရာသီမှာ လီဗာပူးအတွက် ပွဲတိုင်းလိုလို ဂိုးသွင်းခြေစွမ်းပြနေတဲ့ ဆာလာကို အသင်းဂန္တဝင်ဟောင်း ကာရေဂါ၊ နည်းပြ ယာဂင်ကလော့ပ်တို့ကိုယ်တိုင်က လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ချီးကျူးခဲ့ကြတာပါ။



တောရက်စ်ဟာ လီဗာပူးကစားသမားဘဝမှာ (၁၄၂) ပွဲကစား၊ (၈၁) ဂိုးသွင်းယူနိုင်ခဲ့ပြီး လီဗာပူးပရိသတ်တွေအတွက် အချစ်တော် ကစားသမားတစ်ယောက်ဖြစ်ခဲ့တာပါ။ အက်သလက်တီကိုလူငယ်အသင်းကို ကိုင်တွယ်နေတဲ့ တောရက်စ်ဟာ ဗုဒ္ဓဟူးညက လီဗာပူးနဲ့အက်သလက်တီကိုတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲကိုလည်း လာရောက်ကြည့်ရှုခဲ့ပြီး အခုချိန်မှာတော့ ဆာလာကိုပါ ချီးကျူးပြောကြားခဲ့ပါတယ်။

တောရက်စ်က “ရာနှုန်းပြည့် သေချာတာပေါ့ဗျာ။ ဒီတစ်နှစ်တည်းအတွက် မဟုတ်ပါဘူး။ နောက်ဆုံး (၂) နှစ် ဒါမှမဟုတ် (၃) နှစ်လောက်မှာ သူက အံ့အားသင့်ဖွယ် ကစားသမားဖြစ်နေပါပြီ။ ကစားသမားတစ်ယောက်က အသင်းလိုက်ဆုဖလားတွေ ယူနေပြီဆိုရင် တစ်ချိန်တည်းမှာပဲ တစ်ကိုယ်တော် ဆုတံဆိပ်တွေအကြောင်းကိုလည်း အမြဲတမ်းထည့်ပြောရပါတယ်”

“ဒါပေမယ့် ကျွန်တော်ထင်ပါတယ်။ ဆာလာက နောက်ဆုံး (၅) နှစ် (၆) နှစ်အတွင်းမှာကို ကမ္ဘာ့အကောင်းဆုံး ကစားသမား (၂) ယောက် ဒါမှမဟုတ် (၃) ယောက် စာရင်းထဲမှာရှိနေတာပါ။ သူ့ရဲ့တည်ငြိမ်တဲ့ခြေစွမ်းက တကယ်ကို အံ့အားသင့်စရာပါပဲ” လို့ ချီးကျူးပြောကြားခဲ့ပါတယ်။

တောရက်စ်နဲ့ဆာလာတို့ဟာ ချဲလ်ဆီးမှာ တစ်နှစ်ကြာ အသင်းဖော်တွေဖြစ်ခဲ့ကြပြီး အဲ့ဒီအချိန်ကတော့ နှစ်ယောက်လုံး စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရုန်းကန်ခဲ့ရပါတယ်။ ဆက်လက်ပြီးတော့ တောရက်စ်က “ဆာလာက စံချိန်တွေကို ရိုက်ချိုးပြီး ဂိုးတွေသွင်းပြနေတာ ကျွန်တော် ပျော်ရွှင်မိပါတယ်”

“သူ့အတွက် အင်္ဂလန်က အစောပိုင်းနေ့ရက်တွေက ခက်ခဲခဲ့ပေမယ့် သူက ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်တယ်ဆိုတာ တစ်ကမ္ဘာလုံးကို သက်သေပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အတူတူရုန်းကန်ခဲ့ရပြီး အခု သူက ကမ္ဘာ့ထိပ်တန်းကစားသမားဖြစ်နေတော့ ကျွန်တော် ပျော်ရွှင်ရတာပေါ့” လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က