လီဗာပူးရဲ့ အိမ်ကွင်း အန်ဖီးလ် စွမ်းဆောင်ရည်က လှည့်ကိုကြည့်စရာ မလိုပါဘူး။ ဒီအသင်း၊ ဒီပရိသတ်နဲ့က ဒီကွင်းထဲမှာ အရာအားလုံး Chemistry မိပြီးသားဖြစ်ပြီး ကြိုက်တဲ့ပြိုင်ဘက်တက်ခဲ့၊ တောက်ချလိုက်မယ်ဆိုတဲ့ ပုံစံနဲ့ ကစားသွားတာပါ။
ဒီပွဲမှာလည်း အတောင့်တင်းဆုံးဆိုတဲ့ လူစာရင်းနဲ့ပဲ ပွဲထွက်ခဲ့ပြီး အကောင်းဆုံးပုံစံပြရင်း ပထမပိုင်းမှာတင် ဆောက်သမ်တန်ကို ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်ဘက်ကလည်း အခွင့်အရေးအနည်းငယ်ပြန်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကလည်း ဒီလောက်ထိ ပြတ်သားသွားစေတယ်ဆိုရင် မမှားပါဘူး။
ပွဲစပြီး (၁) မိနစ်မှာပဲ ဂျိုတာက ရော်ဘတ်ဆန်ရဲ့ ဖန်တီးပေးပို့မှုကို ပိတ်သွင်းခဲ့ပါတယ်။ (၉၇) စက္က့န်မှာရလိုက်တဲ့ ဒီဂိုးက ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးဂိုးလည်းဖြစ်ခဲ့တာပါ။ ဂျိုတာက ဖေမီနိုကို အရံခုံပို့ခဲ့တယ်၊ အခု ဖေမီနိုနာနေချိန်မှာ ဖေမီနိုကိုပါ မေ့လျော့သွားစေခဲ့ပါတယ်။
အသင်းရဲ့ ကစားကွက်ကို ဂျိုတာက အထောက်အကူဖြစ်စေတယ်၊ ဂိုးသွင်းရမယ့်အချိန်တွေမှာ နေရာယူပုံ အံကိုက်နဲ့ လွယ်ကူတဲ့ ဂိုးတွေကို သွင်းပြနေပါတယ်။ ဆာလာဖန်တီးပေးလိုက်တဲ့ ဂိုးကိုလည်း ဂျိုတာကပဲ လွတ်လွတ်လပ်လပ် ပိတ်သွင်းခဲ့တာပါ။
ဒီဂိုးမှာ 2nd assist လို့ ပြောရမယ့် ဟန်ဒါဆန်ရဲ့ပေးပို့မှုက သပ်ရပ်တယ်၊ အကွက်မြင်ပြီး ကောင်းမွန်ခဲ့ပါတယ်။ ဆာလာဖန်တီးပေးချိန်မှာ ဆောက်သမ်တန်နောက်တန်းက ခြေနှုတ်ခြေသိမ်း နှေးခဲ့တာ ပြောစရာရှိပေမယ့် ပြိုင်ဘက်က ဆာလာဆိုတာကိုလည်း မမေ့သင့်ပါဘူး။
သီယာဂိုကတော့ ဇာဗီ သူ့ကို ဘာကြောင့် ပြန်လိုချင်နေလဲဆိုတာကို သက်သေပြခဲ့ပြန်ပါတယ်။ ကြားရက် ပေါ်တိုနဲ့ပွဲမှာ ဒုံးကျည်ကန်ချက်နဲ့ ဂိုးသွင်းခဲ့သလို အခု ဒီပွဲမှာလည်း အလားတူပါပဲ။ ဒီဂိုးမှာတော့ လမ်းကြောင်းပြောင်းသွားခဲ့တာလည်းတွေ့ရပါတယ်။ သီယာဂိုရဲ့ အဓိကအားသာချက်က ပွဲရဲ့အရှိန်ကို အတင်အချ ကောင်းကောင်းလုပ်နိုင်တာပါ။
ဒုတိယပိုင်းမှာလည်း လီဗာပူးတို့ သက်သောင့်သက်သာပဲ ကစားခဲ့ပြီး အာနိုးလ်ရဲ့ ထောင့်ကန်ဘောကတဆင့် ဗန်ဒိုက်ချ်က ကန်သွင်းယူခဲ့ပြန်ပါတယ်။ နောက်ပိုင်းမှာ နှစ်သင်းလုံး အခွင့်အရေးကိုယ်စီရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် လီဗာပူးကသာ ဆောက်သမ်တန်ကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
လီဗာပူးဟာ ဒီနိုင်ပွဲကြောင့် ဇယားထိပ်က ချဲလ်ဆီးတို့ ယူနိုက်တက်နဲ့ ပွဲကျပ်နေချိန်မှာ အခွင့်ကောင်းယူနိုင်ခဲ့ပြီး ဒီညအပြီးမှာ အမှတ်ပေးဇယား ဒုတိယနေရာကနေ ချဲလ်ဆီးကို (၁) မှတ်အကွာနဲ့ ဖိအားပေးနိုင်ခဲ့ပါတယ်။