ဇီဒန်းကတော့ ယူနိုက်တက်က ကမ်းလှမ်းလာရင်တောင် ငြင်းဆန်သွားဖို့ရှိပါတယ်။

ရီးရဲယ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းက ယူနိုက်တက်ကို ကိုင်တွယ်ဖို့အတွက် ဆန္ဒမရှိဘဲ တိကျသေချာစွာ ကမ်းလှမ်းလာခဲ့ရင်တောင် ငြင်းဆန်သွားမယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ အသက် (၄၉) နှစ်အရွယ် ပြင်သစ်လူမျိုးနည်းပြ ဇီဒန်းဟာ ရီးရဲယ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီးနောက် လက်ရှိအချိန်ထိ အသင်းလက်မဲ့ဖြစ်နေတာပါ။



လက်ရှိယူနိုက်တက်မှာ နည်းပြ ဆိုးလ်ရှားအတွက် တော်တော်လေးဖိအားများနေပြီး ဒီနည်းပြနေရာမှာ အစားထိုးဖို့ ယူနိုက်တက်တို့ ဘရန်ဒန်ရော်ဂျာနဲ့ နှုတ်အားဖြင့်သဘောတူညီမှုရထားတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ဘရန်ဒန်ရော်ဂျာကို ချက်ချင်းကိုင်တွယ်စေလိုတာဖြစ်ပြီး ဘရန်ဒန်ရော်ဂျာကတော့ ရာသီကုန်ထိ စောင့်ဆိုင်းဖို့ ဆန္ဒရှိနေပါတယ်။

စပိန်နာမည်ကြီးသတင်းစာ AS ကလည်း ယူနိုက်တက်နည်းပြရာထူးအတွက် ကမ်းလှမ်းမှုရလာရင်တောင် ဇီဒန်းက အသင်းရဲ့စီမံကိန်းအနေအထားကိုမကြိုက်တာကြောင့် လက်ခံမှာမဟုတ်ဘဲ ပြင်သစ်လက်ရွေးစင်ကို ကိုင်တွယ်ခွင့်ရဖို့အတွက်သာ စောင့်ဆိုင်းသွားမယ်လို့ ဖော်ပြခဲ့တာပါ။

ဒါ့အပြင် ဇီဒန်းအနေနဲ့ အသင်းတစ်သင်းကို ကိုင်တွယ်ဖို့အတွက် အဲ့ဒီအသင်းရဲ့ စီမံကိန်းတွေကိုလည်း အကဲခတ်လိုပြီး အောင်မြင်ချင်တဲ့စီမံကိန်းမရှိရင်တော့ ကိုင်တွယ်သွားမှာမဟုတ်ဘူးလို့ AS ကပဲ ဖော်ပြခဲ့ပါသေးတယ်။ လက်ရှိယူနိုက်တက်အနေအထားက တော်တော်လေးရှုပ်ထွေးနေပြီး အသင်းတာဝန်ရှိသူတွေကလည်း သူတို့ကြိုးဆွဲရာကပေးတဲ့ ဆိုးလ်ရှားလိုနည်းပြမျိုးကိုသာ အလိုရှိနေတာပါ။

အဲ့ဒါကြောင့်လည်း ရီးရဲယ်မက်ဒရစ်မှာတောင် အသင်းဥက္ကဌ ပီရက်ဇ်ကို ဝင်ရောက်စွက်ဖက်ခွင့်မပေးချင်တဲ့ ဇီဒန်းအနေနဲ့ ယူနိုက်တက်ကို လာရောက်ကိုင်တွယ်ဖို့ ခဲယဥ်းနေပါတယ်။ ယူနိုက်တက်ဟာ ကွန်တီကို ခန့်အပ်ဖို့ သတင်းတွေထွက်ခဲ့သေးပေမယ့် လက်ရှိအချိန်မှာ ကွန်တီက စပါးကို ရောက်ရှိသွားခဲ့ပါပြီ။

လက်ရှိပရီးမီးယားလိဂ်မှာ နည်းပြအပြောင်းအလဲတွေ ခပ်ကြမ်းကြမ်းဖြစ်ပေါ်နေပြီး ဒီ (၂၄) နာရီအတွင်းမှာပဲ နော့ဝစ်ချ်နည်းပြ ဖာကီ၊ အက်စတွန်ဗီလာနည်းပြ ဒင်းစမစ်တို့ ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။ ပြိုင်ဘက်အသင်းတွေက ဆိုးလ်ရှားကို ယူနိုက်တက်မှာဆက်ရှိစေချင်တာကြောင့် ယူနိုက်တက်အနေနဲ့ နည်းပြအပြောင်းအလဲ အမြန်ဆုံးပြုလုပ်သင့်ပြီလို့ ပရီးမီးယားလိဂ်ကစားသမားဟောင်း မာဖီကလည်း သတိပေးထားပါတယ်။ 

Share

က္က