ရာသီဥတုဆိုးရွားမှုဟာ နောက်ထပ် ၇၂ နာရီအထိ ဆက်လက် ဖြစ်နေနိုင်ပါတယ်။

သြစတြေးလျ အရှေ့မြောက်ပိုင်းမှာ ရာစုနှစ်တစ်ခုအတွင်းမှာ တစ်ကြိမ်ဖြစ်တယ်လို့သိရတဲ့ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ လမ်းများပေါ် ရေဖုံးလွှမ်းသွားပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေအိမ်စွန့်ခွာခဲ့ရပါတယ်။ လာမယ့် ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုတွေ ဆက်လက်ဖြစ်နိုင်ကြောင်းလည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

(Photo: AAPIMAGE)

အပူပိုင်းဒေသဖြစ်တဲ့ သြစတြေးလျမြောက်ပိုင်းမှာ ယခုနှစ် မုန်သုန်ရာသီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုတွေ တွေ့ကြုံရပေမဲ့ ရေကြီးမှုဟာ ပုံမှန်ထက်ပိုခဲ့တယ်လို့ဆိုပါတယ်။ သြစတြေးလျ အနောက်မြောက်ပိုင်း ကွင်းစ်လန်းပြည်နယ်ရှိ Townsville မြို့မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု တွေ့ကြုံနေရပြီး မိုးရွာသွန်းမှုတွေ ဆက်လက်ဖြစ်နေပါက နေအိမ် ၂၀,၀၀၀ အထိဟာ ရေလွှမ်းမိုးခံရမယ့် အန္တရာယ်ရှိနေပါတယ်။



သြစတြေးလျစစ်တပ်က ရေကြီးမှုကြုံနေရတဲ့ ဒေသခံတွေကို ထောင်နဲ့ချီအရေအတွက်ရှိတဲ့ သဲအိတ်များဝေငှပေးထားခဲ့ပြီး ကွင်းစ်လန်းပြည်နယ် အကြီးအကဲ Annastacia Palaszczuk က ဒေသခံတွေကို ဘေးအန္တရာယ်ဂရုပြုကြရန် သတိပေးခဲ့ပါတယ်။

(Photo: Facebook@QLDFireandRescueService)

"အခု ရေကြီးနေတာက နှစ် ၂၀ အတွင်း တစ်ကြိမ်မဟုတ်ဘူး၊ ဒါက နှစ်ပေါင်း ၁၀၀ အတွင်းမှာတစ်ကြိမ် ဖြစ်ပါတယ်" လို့ Annastacia Palaszczuk က သတင်းထောက်တွေကို ယမန်နေ့ (ဖေဖေါ်ဝါရီ ၂ ရက်) မှာ ပြောခဲ့ပါတယ်။

ကွင်းစ်လန်းမြောက်ပိုင်းမှာ ဖြေးညှင်းစွာရွေ့လျားနေတဲ့ မုတ်သုန်ရာသီ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေခဲ့ကြောင်းနဲ့ အဆိုပါ လေဖိအားနည်းရပ်ဝန်း ပင်လယ်ပြင်ကိုရောက်မသွားမီ ဒေသအချို့မှာ တစ်နှစ်စာနဲ့ညီမျှတဲ့ မိုးရေချိန်ရတဲ့အထိ ရွာသွန်းနိုင်ကြောင်း သြစတြေးလျ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

(Photo: AAPIMAGE)

"လေဖိအားနည်းရပ်ဝန်းက Coral ပင်လယ်ထဲကို ရောက်မသွားသေးခင်အထိ လာမယ့် သီတင်းပတ် အစောပိုင်းရက်တွေမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်" လို့ မိုးလေဝသပညာရှင် Jonathan How က ABC သတင်းဌာနကို ယနေ့ (ဖေဖေါ်ဝါရီ ၃ ရက်) ပြောပါတယ်။ ကွင်းစ်လန်းမြောက်ပိုင်းရဲ့ နှစ်စဉ် ပျမ်းမျှ မိုးရေချိန်ဟာ ၆.၅ လက်မ (၂,၀၀၀ မီလီမီတာ) ဖြစ်ပေမဲ့ ယခုအခါ အချို့မြို့ငယ်တွေမှာ အဆိုပါ မိုးရေချိန်ကို ကျော်လွန်တဲ့အထိ မိုးသည်းထန်ခဲ့ကြောင်း သိရပါတယ်။

(Photo: Queensland Police)

ဖေဖေါ်ဝါရီ ၂ ရက်နဲ့ ၃ ရက်ကြား ၂၄ နာရီအတွင်း Ingham မြို့ရဲ့ မိုးရေချိန်ဟာ ၁.၆ လက်မ (၅၀၆ မီလီမီတာ) ရှိခဲ့တယ်လို့ ဆိုပါတယ်။ Townsville မြို့ခံတစ်ဦးဖြစ်သူ Chris Brookhouse က ၎င်းရဲ့ဘဝမှာ ယခုတစ်ကြိမ်ကဲ့သို့ ရေကြီးမှုမျိုး မကြုံခဲ့ရဖူးကြောင်း ABC သတင်းဌာနကို ပြောပါတယ်။ ၎င်းရဲ့နေအိမ်မှာ သုံးပေကျော်အထိ ရေလွှမ်းနေကြောင်းလည်း သိရပါတယ်။ "ရေတွေ အိမ်ထဲဝင်လာတာက မယုံနိုင်လောက်အောင်ပဲဗျ၊ အောက်ထပ်တစ်ထပ်လုံးကတော့ သွားတာပဲ၊ ရေခဲသေတ္တာက ပေါလောပေါ်နေတယ်" လို့ Chris Brookhouse က ပြောခဲ့ပါတယ်။

(Photo: nicktrip18/Instagram)

ရာသီဥတုဆိုးရွားမှုဟာ နောက်ထပ် ၇၂ နာရီအထိ ဆက်လက် ဖြစ်နေနိုင်ကြောင်းနဲ့ ဒေသအချို့မှာ မိုးရေချိန်စံချိန်သစ်တင်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ လာမယ့် ကြာသပတေးနေ့ (ဖေဖေါ်ဝါရီ ၇ ရက်) မှာတော့ ရာသီဥတုအခြေအနေ ကောင်းမွန်လာမယ်လို့ မျှော်လင့်ရကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

သြစတြေးလျ အရှေ့မြောက်ပိုင်းမှာ မိုးသည်းထန်ပြီး ရေကြီးမှုတွေဖြစ်နေပေမဲ့ တောင်ပိုင်းဒေသရှိ Tasmania, New South Wales နဲ့ Victoria ကဲ့သို့ ပြည်နယ်တွေမှာတော့ အလွန်ပူပြင်းမှုတွေ ဖြစ်ပေါ်နေပြီး ပျမ်းမျှ အပူချိန်များ စံချိန်တင်မြင့်တက်မှုတွေ တွေ့ကြုံခဲ့ရကြောင်းလည်း သိရပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က