ဧပြီလအထိ အပူချိန် ဆက်လက်မြင့်တက်နေနိုင်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ယခုနှစ် ဇန်နဝါရီဟာ အပူဆုံး ဇန်နဝါရီလအဖြစ်သာမက မှတ်တမ်းများအရ အပူဆုံးလအဖြစ်ပါ စံချိန်တင်ခဲ့ပါတယ်။ ထိုသို့ အပူချိန်မြင့်တက်နေမှု အခြေအနေဟာလည်း ဧပြီလအထိ ဆက်လက်ဖြစ်နေမယ်လို့ မျှော်လင့်ရကြောင်း သြစတြေးလျ မိုးလေဝသဌာနက ယနေ့ (ဖေဖေါ်ဝါရီ ၁ ရက်) ပြောပါတယ်။

(Photo: Reuters)

ယခုနှစ် သြစတြေးလျ နွေရာသီကာလရဲ့ အပူချိန်ဟာ မကြုံစဖူး လွန်ကဲမြင့်တက်နေတာလည်း ဖြစ်ပါတယ်။ ဇန်နဝါရီလအတွင်း အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့တဲ့ရက် ငါးရက်ထက်မနည်းရှိခဲ့ပြီး အပူဆုံးစံချိန် ၁၀ ခုအနက် ပါဝင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ လအတွင်း အလွန်ပူပြင်းမှုကြောင့် သြစတြေးလျရဲ့ နေရာဒေသအချို့မှာ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားခများလည်း မြင့်တက်ခဲ့ပါတယ်။



သြစတြေးလျတောင်ပိုင်း Tasmania ပြည်နယ်မှာ အပူချိန်လွန်ကဲရာမှ တောမီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်းလည်း သိရပါတယ်။ "ဒီနှစ် ဇန်နဝါရီလက ကျွန်တော်တို့ရဲ့ အပူဆုံး ဇန်နဝါရီလအဖြစ် စံချိန်တင်ရုံမဟုတ်ပါဘူး၊ ၁၉၁၀ ခုနှစ်မှာစခဲ့တဲ့ မှတ်တမ်းတွေအရလည်း အပူဆုံးလအဖြစ် စံချိန်တင်ခဲ့ပါတယ်" လို့ သြစတြေးလျ မိုးလေဝသဌာနမှ Watkins က ပြောပါတယ်။

(Photo: ABC News)

"ဒီလို အပူချိန်မြင့်တက်နေတာက အနည်းဆုံး ဖေဖေါ်ဝါရီတစ်လလုံးကနေ မတ်၊ ဧပြီလအထိ ဖြစ်သွားနိုင်ပါတယ်" လို့လည်း ၎င်းကဆိုပါတယ်။ သြစတြေလျးနိုင်ငံတစ်ဝှမ်းမှာ ဇန်နဝါရီလ ပျမ်းမျှအပူချိန်ဟာ ၃၀ ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်ခဲ့တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။ သြစတြေးလျမှာ အပူချိန်လွန်ကဲမှုကြောင့် မြင်းရိုင်းများ အုပ်စုလိုက်သေဆုံးမှု၊ လင်းနို့နဲ့ ငါးများ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

လူဦးရေအထူထပ်ဆုံး ပြည်နယ်တွေဖြစ်တဲ့ New South Wales နဲ့ Victoria တို့မှာ ဇန်နဝါရီလ ပျမ်းမျှအပူချိန် အမြင့်ဆုံးဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။ တစ်ချိန်တည်းမှာပင် New South Wales မှာ အခြောက်သွေ့ဆုံး ဇန်နဝါရီလအဖြစ် စံချိန်တင်ခဲ့ကြောင်းနဲ့ Victoria ပြည်နယ်မှာလည်း ဇန်နဝါရီလ ပျမ်းမျှ မိုးရေချိန်ထက် ၂၀ ရာခိုင်နှုန်းအထိ လျော့နည်းခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

(Photo: Carmel Zaccone, Sunraysia Daily)

ရေအားလျှပ်စစ်ကို အားထားနေရတဲ့ Tasmania ပြည်နယ်ဟာလည်း စံချိန်တင် အခြောက်သွေ့ဆုံး ဇန်နဝါရီလကို တွေ့ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ Western Australia မှာတော့ ၂၀၀၅ ခုနှစ် နောက်ပိုင်း အခြောက်သွေ့ဆုံး ဇန်နဝါရီလ ဖြစ်ခဲ့ပါတယ်။ သြစတြေးလျ မိုးလေဝသဌာနက ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်မှုအရ အနောက်ဘက်ကမ်းရိုးတန်းဒေသတွေမှာ နောက်ထပ်သုံးလကြာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို တွေ့ကြုံနေရမယ်လို့ သိရပါတယ်။

သြစတြေးလျမှာ စံချိန်တင် ပူပြင်းနေစဉ်အတွင်း အမေရိကန်နိုင်ငံ အလယ်ပိုင်းဒေသတစ်လျှောက်မှာတော့ မြောက်ဝင်ရိုးစွန်းမှ လေအေးတွေကြောင့် နှစ်ပေါင်း ၂၀ ကျော်အတွင်း စံချိန်တင် အလွန်အမင်း အေးခဲမှုကို တွေ့ကြုံနေရပြီး လက်ရှိအချိန်အထိ အအေးလွန်ကဲမှုနဲ့ဆက်နွယ်ပြီး လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က