စင်ကာပူမှာ အိမ်ထောင်စုတစ်ခုလျှင် mask လေးခုစီ အခမဲ့ ရရှိမှာဖြစ်ကြောင်း National Development ဝန်ကြီးဌာန ဝန်ကြီးက ပြောကြားပါတယ်။
"မိသားစုထဲက တစ်ယောက်ယောက်က mask လိုအပ်လာရင် မိသားစုတိုင်း mask ရရှိနိုင်မှာဖြစ်တယ်ဆိုတာ စင်ကာပူနိုင်ငံသားတွေ စိတ်ချရစေဖို့ ကျွန်တော်တို့ ဒါကို လုပ်နေတာဖြစ်ပါတယ်"
ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပြီး လက်လီအရောင်းဆိုင်တွေမှာ mask ဝယ်ယူရန် လူတန်းရှည်များ တန်းစီစောင့်ဆိုင်းရမှုတွေရှိနေစဥ် ဝန်ကြီး Lawrence Wong က အိမ်ထောင်စုတစ်ခုစီလျှင် mask လေးခုစီ အခမဲ့ ရရှိမယ့်အစီအစဥ်ကို ယမန်နေ့ (ဇန်နဝါရီ ၃၀ ရက်) မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
တစ်ထုပ်လျှင် လေးခုပါဝင်တဲ့ mask အထုပ်တစ်ထုပ်စီကို စင်ကာပူရှိ Community Centers (CCs) ၈၉ ခုနဲ့ Residents' Committe (RC) အုပ်ချုပ်ရေးရုံး ၆၅၄ ခုတို့မှာ လာရောက်ရယူနိုင်ကြောင်း သိရပါတယ်။ အိမ်ထောင်စုများကို mask လေးခုစီ အခမဲ့ပေးဝေမှုအား ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ဖေဖေါ်ဝါရီ ၉ ရက်နေ့မှာ အပြီးသတ်နိုင်မယ်လို့ ခန့်မှန်းထားကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။
(Photo: The Business Times)
"မိသားစုထဲက တစ်ယောက်ယောက်က mask လိုအပ်လာရင် မိသားစုတိုင်း mask ရရှိနိုင်မှာဖြစ်တယ်ဆိုတာ စင်ကာပူနိုင်ငံသားတွေ စိတ်ချရစေဖို့ ကျွန်တော်တို့ ဒါကို လုပ်နေတာဖြစ်ပါတယ်" လို့ ဝန်ကြီး Lawrence Wong က ဆိုပါတယ်။ စင်ကာပူအစိုးရက သိုလှောင်ထားတဲ့ mask တွေကို ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။
အများပြည်သူကို အခမဲ့ ပေးဝေသွားရာမှာ ကျန်းမာရေးအားနည်းချက်ရှိသူတွေ နေထိုင်မှုများတဲ့ နေရာများ၊ တိုက်ခန်းငှားရမ်းနေထိုင်သူများနဲ့ အသက်ကြီးသူတွေကို ဦးစားပေး ဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။ အခမဲ့ ပေးဝေတဲ့နေရာများသို့ မလာရောက်နိုင်သူတွေကိုလည်း People's Association က စေတနာ့ဝန်ထမ်းများစေလွှတ်ကာ mask များ ပေးပို့သွားမှာဖြစ်ကြောင်း Trade and Industry ဝန်ကြီးဌာ ဝန်ကြီး Chan Chun Sing က ပြောပါတယ်။ ၎င်းက People's Association ရဲ့ ဒုဥက္ကဌအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။
စင်ကာပူမှာ ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ အတည်ပြုစာရင်းအရ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရသူ ၁၆ ဦး တွေ့ရှိထားပါတယ်
(Photo: Photo: Gaya Chandramohan/MediaCorp)
ပြီးခဲ့တဲ့ ကိုးရက်အတွင်း mask အရေအတွက် ၅ သန်းကို လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးခဲ့ကြောင်း၊ သို့သော် mask အသုံးပြုမှုဟာ မျှော်မှန်းထားတာထက် အလွန်ပိုများနေခဲ့ကြောင်းလည်း ဝန်ကြီး Chan Chun Sing က ပြောပါတယ်။ စင်ကာပူမှာ ယနေ့ (ဇန်နဝါရီ ၃၁ ရက်) ညပိုင်းအထိ အတည်ပြုစာရင်းအရ တရုတ်နိုင်ငံမှ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရသူ ၁၆ ဦး တွေ့ရှိထားပါတယ်။ အခြား ဆက်စပ်သတင်းအရ လူထုအကြား ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အန္တရာယ်နည်းပါးစေရန် ဆောင်ရွက်မှုတစ်ခုအဖြစ် လတ်တလော ကာလအတွင်း တရုတ်ပြည်မကြီးသို့ သွားရောက်ခဲ့ဖူးသူတွေကို စင်ကာပူနိုင်ငံအတွင်း ဝင်ခွင့်ပြုတော့မှာမဟုတ်ကြောင်း National Development ဝန်ကြီးဌာန ဝန်ကြီး Lawrence Wong ပြောကြားလိုက်ကြောင်း သိရပါတယ်။
(Photo: Desmond Wee/Straits Times)
ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဇန်နဝါရီ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ WHO က အဆိုပါ ဗိုင်းရပ်စ်အသစ်ကို Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။
ထိုဗိုင်းရပ်စ်စတင်ရာ အဓိကဇစ်မြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ 2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။
မြန်မာနိုင်ငံမှာလည်း ဗိုင်းရပ်စ်သံသယရှိသူ သုံးဦးကို ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားပါတယ်
(Photo: Duwun)
ဇန်နဝါရီ ၃၁ ရက်အထိ ညပိုင်းအထိ အတည်ပြုစာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် တရုတ်မှာ လူ ၂၁၃ ဦး သေဆုံးပြီး ကူးစက်ခံရသူ ၉,၆၉၂ ဦး တွေ့ရှိထားပါတယ်။ ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၉,၈၃၉ ဦး စစ်ဆေးတွေ့ရှိ အတည်ပြုထားပါတယ်။
တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ ထိုင်းမှာ ၁၉ ဦး၊ စင်ကာပူမှာ ၁၆ ဦး၊ ဂျပန်မှာ ၁၄ ဦး၊ ဟောင်ကောင်မှာ ၁၂ ဦး၊ တောင်ကိုရီးယားမှာ ၁၁ ဦး၊ ဩစတြေးလျမှာ ၉ ဦး၊ ထိုင်ဝမ်မှာ ၉ ဦး၊ မလေးရှားမှာ ၈ ဦး၊ မကာအိုမှာ ၇ ဦး၊ ပြင်သစ်မှာ ၆ ဦး၊ အမေရိကန်မှာ ၆ ဦး၊ ဂျာမနီမှာ ၅ ဦး၊ ဗီယက်နမ်မှာ ၅ ဦး၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ၄ ဦး၊ ကနေဒါမှာ ၃ ဦး၊ အီတလီမှာ ၂ ဦး၊ ရုရှားမှာ ၂ ဦး၊ ဗြိတိန်မှာ ၂ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ ဖင်လန်မှာ ၁ ဦး၊ နီပေါမှာ ၁ ဦး၊ အိန္ဒိယမှာ ၁ ဦး၊ ဖိလစ်ပိုင်မှာ ၁ ဦး၊ သီရိလင်္ကာမှာ ၁ ဦးနဲ့ ဆွီဒင်မှာ ၁ ဦး တွေ့ရှိရပါတယ်။
(Photo: Duwun)
မြန်မာနိုင်မှာလည်း ယနေ့ မနက်ပိုင်းက တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ ဆိုက်ရောက်လာတဲ့ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ဝူဟန်မြို့မှ အသက် ၆၀ အရွယ် တရုတ်အမျိုးသားတစ်ဦးနဲ့ မြန်မာအမျိုးသားနှစ်ဦးတို့ကို ဗိုင်းရပ်စ်ကူးစက်ခံရမှု သံသယရှိတာကြောင့် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။
ဝေဘာဂီဆေးရုံကို ရောက်ရှိလာတဲ့ ကိုရိုနာဗိုင်းရပ်စ်သံသယရှိ တရုတ်အမျိုးသားကို အချိန်ပြည့် စစ်ဆေးစောင့်ကြည့်နေပြီး မြန်မာအမျိုးသား နှစ်ဦးကိုတော့ လေယာဥ်တစ်စီးတည်း လိုက်ပါလာတဲ့အတွက် စောင့်ကြည့်ရတာဖြစ်ကြောင်း ဝေဘာဂီဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က ပြောပါတယ်။ ၎င်းတို့ သုံးဦးကို ၁၄ ရက်တိတိ ဆေးရုံမှာ စောင့်ကြည့်စစ်ဆေးသွားမယ်လို့ ဝေဘာဂီဆေးရုံက အတည်ပြုပြောကြားထားပါတယ်။
..
Share