စပိန်နိုင်ငံအရှေ့ပိုင်း နေရာဒေသ အများအပြားမှာ အားကောင်းတဲ့မုန်တိုင်း ဂလိုရီယာ ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး လူလေးဦး သေဆုံးခဲ့ပါတယ်။
(Photo: J. Jordan/AFP)
ဂလိုရီယာက စပိန်မှာဖြတ်သန်းတိုက်ခတ်ပြီးနောက် ပြင်သစ်နိုင်ငံတောင်ပိုင်းကို ဦးတည်ရွေ့လျားသွားခဲ့ကြောင်း သိရပါတယ်။ စပိန်နိုင်ငံမှာ ဗလင်စီယာမြို့ ပတ်ဝန်းကျင်နေရာဒေသနဲ့ ဘယ်လာရီရစ်ကျွန်းတို့မှာ တနင်္လာနေ့ (ဇန်နဝါရီ ၂၀ ရက်) က မုန်တိုင်းတိုက်ခတ်မှု အဆိုးရွားဆုံး ကြုံခဲ့ရပြီး ရေကြီးမှုနဲ့ လေပြင်းတိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
စပိန်နိုင်ငံရှိ နေရာဒေသ ၃၀ ကျော်မှာ မုန်တိုင်းအန္တရာယ် သတိပေးချက် ထုတ်ပြန်ထားခဲ့ရပါတယ်။ ဂလိုရီယာမုန်တိုင်း (Gloria) ဟာ ၁၉၈၂ ခုနှစ်နောက်ပိုင်း ဒေသတွင်းမှာ အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း ဒေသခံမီဒီယာက ပြင်သစ် မိုးလေဝသပညာရှင်တစ်ဦးကို ကိုးကားဖော်ပြပါတယ်။ စပိန်နိုင်ငံ အေဗီလာပြည်နယ်မှာ မုန်တိုင်းတိုက်နေစဥ် လွင့်ထွက်လာတဲ့ အမိုးတစ်ခု ထိမှန်ခံရမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
(Photo: N. Doce/Reuters)
ဗလင်စီယာမြို့မှာလည်း အိမ်ခြေရာမဲ့ အမျိုးသမီးတစ်ဦး အေးခဲသေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနကို ပြောပါတယ်။ Asturias ဒေသမှာလည်း နှင်းပိတ်နေတဲ့ လမ်းမတစ်ခုပေါ်မှာ ကားမတော်တဆမှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
(Photo: Daily Mail)
စပိန်မိုးလေဝသဌာနက ထုတ်ပြန်မှုအရ မုန်တိုင်းဂလိုရီယာ ဖြတ်သန်းတိုက်ခတ်စဥ် လေတိုက်နှုန်း တစ်နာရီလျှင် ၇၁ မိုင် ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ မုန်တိုင်းတိုက်ခတ်နေစဥ် မြေထဲပင်လယ် ကမ်းရိုးတန်းမှာ ကြီးမားတဲ့ လှိုင်းလုံးများတက်ရောက်ခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် Alicante လေဆိပ်ကို ပိတ်ထားခဲ့ရပြီး လေကြောင်းခရီးစဥ် အများအပြား ဖျက်သိမ်းခဲ့ရပါတယ်။
စပိန်မှာဖြတ်သန်း တိုက်ခတ်ပြီးနောက် ဂလိုရီယာမုန်တိုင်းဟာ ပြင်သစ်တောင်ဘက်စွန်း မြေထဲပင်လယ်ဒေသရှိ Pyrénées-Orientales ကို ဝင်ရောက်ခဲ့ပါတယ်။ ထိုနေရာမှာ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ကို အသင့်ချထားခဲ့ပါတယ်။ စပိန်နဲ့နယ်စပ် ပြင်သစ်ဘက်အခြမ်းရှိ A9 အဝေးပြေးလမ်းမကိုလည်း မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်မှုအဖြစ် ပိတ်ထားခဲ့ကြောင်း သိရပါတယ်။
(Photo: @ventanasenjavea/Twitter)
ဂလိုရီယာမုန်တိုင်းဟာ ၁၉၈၂ ခုနှစ် ဇန်နဝါရီ နောက်ပိုင်း ဒေသတွင်းမှာ အဆိုးရွားဆုံး ဆောင်ရာသီမုန်တိုင်းဖြစ်ကြောင်း Météo France မိုးလေဝသဌာနမှ ပညာရှင် Olivier Proust က Franceinfo သတင်းဌာနကို ပြောပါတယ်။ စပိန်နဲ့ ပြင်သစ်မှာ ယမန်နှစ် အောက်တိုဘာလအတွင်းကလည်း ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့သေးကြောင်း သိရပါတယ်။
.