ဩစတြေးလျနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမှာ ၁၀ နှစ်အတွင်း အဆိုးရွားဆုံး မုန်တိုင်းကြီးတစ်ခု မေ ၂၄ ရက်နေ့က တိုက်ခတ်ကြောင်း သိရပါတယ်။
(Photo: 9News)
မုန်တိုင်းကြောင့် အဓိကမြို့ကြီး ပါ့သ်မြို့မှာ အားကောင်းတဲ့ လေပြင်းတိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကမ်းရိုးတန်းဒေသအချို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ၂၆ ပေအထိမြ့င်တဲ့ ရေလှိုင်းတက်ရောက်မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ယခု ရာသီဥတုဆိုးရွားမှုဟာ အပူပိုင်းမုန်တိုင်း Mangga ရဲ့ အကြွင်းအကျန်များကြောင့် ဖြစ်တယ်လို့ ဩစတြေးလျမိုးလေဝသဌာန (Bureau of Meteorolog) က ပြောပါတယ်။ မီးသတ်နဲ့ အရေးပေါ်ဌာန (Department of Fire and Emergency Services - DFES) အကြီးတန်းအရာရှိတစ်ဦးရဲ့ အဆိုအရ ယခုမုန်တိုင်းဟာ ဆယ်စုတစ်ခုမှာတစ်ကြိမ် ကြုံတွေ့ရတဲ့ မုန်တိုင်းဖြစ်ကြောင်း သိရပါတယ်။
(Photo: Getty Images)
"ပုံမှန်အားဖြင့် ကျွန်တော်တို့ဆီကို မုန်တိုင်းတွေက အနောက်တောင်ဘက်ကနေ လာတာဖြစ်ပါတယ်၊ ဒီမုန်တိုင်းကတော့ အနောက်မြောက်ဘက်ကနေ လာမှာပါ" လို့ DFES ယာယီ ဒုတိယအကြီးအကဲ Jon Broomhall က သတင်းထောက်တွေကို ပြောပါတယ်။ ဒေသခံတွေကို ၎င်းတို့ နေအိမ်တွေ လုံခြုံစေရန် ဆောင်ရွက်ထားပြီး ရေလှိုင်းများကြောင့် ပျက်စီးဆုံရှုံးနိုင်ကြောင်း သတိပေးထားပါတယ်။
ဩစတြေးလျအနောက်ပိုင်းပြည်နယ် နေရာဒေသ အများအပြားမှာ ရာသီဥတုဆိုးရွားနိုင်ကြောင်းလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ထိုပြည်နယ်တစ်ဝှမ်း နေအိမ်နဲ့ စီးပွားရေးလုပ်ငန်း ၆၀,၀၀၀ ကျော်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နေခဲ့တယ်လို့ ABC News က သတင်းဖော်ပြပါတယ်။
"ဩစတြေးလျအနောက်ပိုင်းအတွက် နေရာဒေသ အများအပြားကို သက်ရောက်မှုရှိပြီး နေရာအချို့မှာ အန္တရာယ်ရှိတဲ့ ရာသီဥတုဆိုးရွားမှုမျိုးက ရှားပါးတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်" လို့ Bureau of Meteorolog က ပြောခဲ့ပါတယ်။ ပါ့သ်မြို့မှာ မုန်တိုင်းလေတိုက်နှုန်း တစ်နာရီလျှင် ၇၅ မိုင် ရှိခဲ့ကြောင်းလည်း မိုးလေဝသဌာနက ဆိုပါတယ်။
မုန်တိုင်းကြောင့် နေရာဒေသအချို့မှာ မိုးရေချိန် ၄ လက်မနီးပါး ရွာသွန်းနိုင်ကြောင်း သိရပါတယ်။ ဩစတြေးလျအနောက်ပိုင်းမှာ ရာသီဥတုအခြေအနေ ဆိုးရွားမှုဟာ ယနေ့ (မေ ၂၅ ရက်) အထိ ဆက်လက်ဖြစ်နေမယ်လို့ ခန့်မှန်းထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။
.