ဩစတြေးလျနိုင်ငံ တက်စ်မန်းနီးယားပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းမှာ ဝေလငါးများ အစုအပြုံလိုက် သောင်တင်ခဲ့ပြီးနောက် အကောင်ရေ ၉၀ အထိ သေဆုံးသွားခဲ့ကြောင်းနဲ့ နောက်ထပ် သောင်တင်နေတဲ့ အကောင်ရေ ၁၈၀ ကို ကယ်ဆယ်ရေး ယနေ့ (စက်တင်ဘာ ၂၂ ရက်) စတင်လုပ်ဆောင်နေခဲ့ကြောင်း သိရပါတယ်။
(Photo: AFP)
ပိုင်းလော့ဝေလငါးများ (pilot whales) အစုအပြုံလိုက် သောင်တင်နေမှုကို တနင်္လာနေ့ (စက်တင်ဘာ ၂၁ ရက်) မှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ပင်လယ်ပြင်ဆိုင်ရာ ဇီဝဗေဒပညာရှင်တွေက သောင်တင်လာတဲ့ ဝေလငါး အကောင်ရေ ၂၇၀ အနက်မှ အသက်ရှင်နေသေးတဲ့ ဝေလငါးတွေကို ကယ်ဆယ်နိုင်ရေး နည်းလမ်းမျိုးစုံဖြင့် စတင်ဆောင်ရွက်နေခဲ့ပြီး ရက်နဲ့ချီ ကြာမြင့်မယ်လို့ ဆိုပါတယ်။ ဝေလငါးများ ကမ်းခြေမှာ မည်သို့ သောင်တင်လာခဲ့ကြောင်း မသိရပါဘူး။
(Photo: Tasmania Police)
တက်စ်မန်းနီးယားမှာ ဝေလငါးများ သောင်တင်မှုကို တွေ့ရလေ့ရှိပေမဲ့ ၂၀၀၉ ခုနှစ်နောက်ပိုင်း ယခုလောက်အထိ များပြားတဲ့ အရေအတွက် သောင်တင်မှုမျိုး မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ တက်စ်မန်းနီးယားရဲ့ အစွန်းအဖျားရှိ Macquarie Heads ကျွန်းဆယ်ရဲ့ သဲသောင်ပြင်တစ်လျှောက် အစုအပြုံလိုက် သောင်တင်နေတဲ့ ဝေလငါးအုပ်စုသုံးခုကို တွေ့ရခဲ့ကြောင်း Tasmanian Maritime Conservation Program မှ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
(Photo: Tasmania Government)
ဝေလငါးကယ်ဆယ်ရေးသမားတွေက စက်တင်ဘာ ၂၁ ရက်နှောင်းပိုင်းမှာ ထိုနေရာကို ရောက်ရှိလာခဲ့ကြရာ ပထမဆုံး လေကြောင်းကနေ စစ်ဆေးကြည့်ရှုခဲ့ကြစဥ်ကထက် အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ယခုသောင်တင်နေတဲ့ ပိုင်းလော့ဝေလငါးတွေဟာ အရှည် ၂၃ ပေနဲ့ အလေးချိန် တန်အထိ ကြီးထွားနိုင်ပါတယ်။ ဝေလငါးတွေဟာ ဩစတြေးလျနဲ့ နယူးဇီလန် ကမ်းရိုးတန်းမှာ ရာသီအလိုက် အစုန်အဆန် ရွှေ့ပြောင်းကျက်စားလေ့ရှိကြတယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း နယူးဇီလန်မှာ ဝေလငါးအကောင်ရေ ၂၀၀ ကျော် သောင်တင်သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။