ချစ်သူလင်မယားပဲဖြစ်ဖြစ် အလိုမတူဘူးဆိုရင် လိင်အကြမ်းဖက်မှုမြောက်ပါတယ်။

ချစ်သူလင်မယားတွေမှာလည်း လိင်အကြမ်းဖက်မှုဆိုတာ ရှိပါတယ်။ တစ်ဖက်သားက လိုအင်ဆန္ဒမရှိဘဲ အတင်းအကြပ်ဆက်ဆံမယ်ဆိုရင် ဒါဟာ လိင်အကြမ်းဖက်မှုပါ။ အိပ်ယာပေါ်က လိင်ကိစ္စရပ်တွေဟာ နှစ်ဦးနှစ်ဖက် ကြည်ဖြူသဘောတူညီမှုရှိဖို့က အရမ်းကို အရေးကြီးပါတယ်။ လိင်မှုကိစ္စကို နှစ်ဦးစလုံးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်ရွေးချယ်ခွင့်တွေနဲ့  ပြုလုပ်တာကို သဘောတူညီမှုလို့ ခေါ်ပါတယ်။




ဘယ်လိုအခြေအနေက လိင်အကြမ်းဖက်မှုမြောက်ပါသလဲ 


တစ်ဖက်သားရဲ့ သဘောတူညီမှု မပါဘဲ လိင်မှုကိစ္စပြုရင် ဒါဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြောက်ပါတယ်။ တစ်ဖက်သားရဲ့ အလိုဆန္ဒမပါပါဘဲ၊  ဒီလိင်မှုကိစ္စအတွက် တစ်ဖက်က လိုလိုလားလားမရှိတဲ့ အခြေအနေမျိုးမှာ လိင်မှုကိစ္စပြုခဲ့ရင် ဒါဟာ လိင်အကြမ်းဖက်မှုပါပဲ။ မိမိဆန္ဒမပါဘူးဆိုရင် ဘယ်လိုအခြေအနေမျိုးမှာ မဆို ဒါဟာ အဓမ္မမှုမြောက်ပါတယ်။ 



လင်မယားကြားမှာ လိင်မှုကိစ္စအတွက် ငြင်းဆိုခွင့်ရှိပါတယ် 


လင်မယားဖြစ်နေလို့၊ ချစ်သူဖြစ်နေလို့ လိင်မှုကိစ္စအတွက် ဘယ်လိုအခြေအနေမျိုးမှာမဆို ပြုမူဆက်ဆံခွင့်ရှိတယ်ဆိုတာမရှိပါဘူး။ လူတိုင်းမှာ လိင်မှုကိစ္စတွေ အတွက် ငြင်းဆန်ခွင့်ရှိတာ သိထားဖို့ လိုပါတယ်။  သာယာပျော်ရွှင်အဆင်ပြေတဲ့ healthy relationship ရဖို့က နှစ်ဦးသဘောတူညီမှု ရှိရပါမယ်။ တစ်ကြိမ် သဘောတူညီမှု ရထားတာနဲ့ အကြိမ်တိုင်းအတွက် သဘောတူညီမှု ရတာမဟုတ်တာကို သိထားဖို့ လိုပါတယ်။ 


ကိုယ်မနှစ်သက်ဘူးဆိုရင် ငြင်းဆိုပါ 


ကိုယ့်အတွက် လိင်မှုပြုဖို့ အဆင်မပြေဘူးဆိုရင်  ဘယ်လိုအခြေအနေမျိုးမှာ မဆို ငြင်းဆန်နိုင်ပါတယ်။ အတူနေနေစဉ် အတွင်းမှာတောင်  စိတ်ပြောင်းလဲသွားရင် ငြင်းဆန်လို့ရကြောင်း နှစ်ဖက်စလုံးက သိထားနားလည်ထားဖို့လိုပါတယ်။ ချစ်သူလင်မယားကြားမှာလည်း ကိုယ်လက်မခံနိုင်တဲ့အခါ ငြင်းဆိုပိုင်ခွင့်အပြည့်အဝရှိပါတယ်။



ငြင်းဆိုမှုကို လက်ခံဖို့ လိုကြောင်း သိထားပါ 


ကိုယ့်ချစ်သူ ၊ ကိုယ့်ရဲ့ ကြင်ဖက်က ကိုယ်နဲ့ လိင်မှုကိစ္စပြုဖို့ လက်သင့်မခံဘူး၊ အဆင်မပြေဘူးလို့ ငြင်းဆိုနေရင် ဒါကို ကိုယ့်ဘက်က အပြည့်အဝနားလည်ပေးဖို့ လိုအပ်ပါတယ်။ ချစ်သူဖြစ်နေတာနဲ့  ဇနီးမယားလင်သား ဖြစ်နေတာနဲ့  တစ်ဖက်သား ဆန္ဒမပါဘဲ လိင်မှုကိစ္စပြုလုပ်လို့ မရဘူးဆိုတာကို နားလည် လက်ခံထားပေးပါ။ 


နှစ်ဦးနှစ်ဖက်ကြား လေးစားမှုရှိဖို့ လိုပါတယ် 


လင်မယားကြားပဲ ဖြစ်စေ၊ ချစ်သူရည်းစားကြားမှာပဲ ဖြစ်ပါစေ..တစ်ဖက်သားရဲ့ စိတ်ခံစားချက်၊ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ နှစ်ကိုယ်ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်မှာဖြစ်ပြီး ရေရှည်မှာလည်း ပိုမိုချစ်မြတ်နိုးမှုကို တည်မြဲစေနိုင်မှာဖြစ်ပါတယ်။ 



ဒါ့ကြောင့် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး ကိုယ်လက်မခံနိုင်ကြောင်း အဆင်မပြေကြောင်း ငြင်းဆိုပိုင်ခွင့်ရှိသလို တစ်ဖက်သားက လက်မခံနိုင်ဘူးဆိုရင် အတင်းအကြပ်မပြုလုပ်ဘဲ ထားရှိသင့်တဲ့ စည်းမျဉ်းတွေနဲ့ ကိုယ့်ကိုကိုယ် လေးစားပြီး ကိုယ်ပိုင်ရွေးချယ်ခွင့်တွေနဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရှိမှသာ healthy relationship ရရှိမှာ ဖြစ်တယ်။

ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ ဝေမျှအကြံပေးနေတဲ့ ဒေါက်တာ စုမွန်ဝင်းရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က