ဆာလာရဲ့ကစားပုံနဲ့ပတ်သက်လို့ ဂရေမီဆောင်းနက်စ်ပြောကြားခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့နည်းပြဟောင်း ဂရေမီဆောင်းနက်စ်က လီဗာပူးတိုက်စစ်ကစားသမား ဆာလာဟာ သူမြင်ဖူးသမျှထဲမှာ တစ်ကိုယ်ကောင်းအဆန်ဆုံး ကစားသမားဖြစ်တယ်လို့ ယူနိုက်တက်နဲ့ပွဲမတိုင်ခင် ပြောကြားလိုက်ပါတယ်။



ဒီနေ့ည (၁၀) နာရီမှာ ယူနိုက်တက်နဲ့လီဗာပူးတို့ အိုးထရက်ဖို့ဒ်ကွင်းကြီးထဲ ထိပ်တိုက်တွေ့မှာဖြစ်ပြီး ဆာလာနဲ့ရော်နယ်ဒိုအားပြိုင်မှုအပေါ်မှာလည်း ပရိသတ်တွေက အထူးစိတ်ဝင်စားနေကြတာပါ။ ဆာလာဟာ (၂၀၁၇) မှာ လီဗာပူးကို စတင်ရောက်ရှိလာခဲ့ပြီး အသင်းအတွက် (၂၁၄) ပွဲကစား၊ သွင်းဂိုး (၁၃၇) ဂိုး သွင်းယူပေးထားပါတယ်။

လက်ရှိဘောလုံးရာသီမှာလည်း ဆာလာက လီဗာပူးအတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၁၁) ပွဲမှာ သွင်းဂိုး (၁၂) ဂိုးအထိ ရရှိထားတာပါ။ ဒါပေမယ့် လီဗာပူးရဲ့ဂန္တဝင်ဟောင်းလည်းဖြစ်တဲ့ ဂရေမီဆောင်းနက်စ်ကတော့ ဆာလာနဲ့ပတ်သက်လို့ အခုလိုမျိုးပဲ ပြောကြားလာခဲ့ပါတယ်။

ဆောင်းနက်စ်က “ဆာလာက လက်ရှိဘောလုံးရာသီမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်နေပြီလို့ ယာဂင်ကလော့ပ် ပြောတာကို ကျွန်တော် လက်ခံပါတယ်။ သူက ကျွန်တာ်မြင်ဖူးသမျှထဲ လောဘတော်တော်ကြီးတဲ့ ကစားသမားပါ။ နာမည်ကြီးကစားသမားတွေက ဒီလိုရှိတတ်ပါတယ်”

“ဒါပေမယ့် ဆာလာက အလွန်အမင်းကို တစ်ကိုယ်ကောင်းဆန်တဲ့ ကစားသမားပါပဲ။ တစ်ဦးချင်းပစ်မှတ်တွေက သူ့အတွက် ပိုအရေးကြီးပြီး နေရာပေါင်းစုံကနေ ဂိုးပေါက်ထဲကန်သွင်းဖို့ ကြိုးစားလေ့ရှိပါတယ်။ ဒါက အသင်းဖော်တွေကို မကြာခဏ စိတ်ပျက်စေမှာပါ။ အထူးသဖြင့် မာနေးကိုပေါ့”

“အခြားအသင်းဖော်တွေကတော့ အဲ့ဒီအရာကို လက်ခံနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆာလာက အရမ်းကောင်းတဲ့ ကစားသမားဖြစ်နေလို့ပါ။ သူက လူပေးမကစားရင်တောင်မှ ဂိုးသွင်းတယ်၊ ဂိုးသမားကို အလုပ်ရှုပ်စေတယ်၊ ဒါမှမဟုတ် အခြားအသင်းဖော်ကို လွယ်လွယ်ကူကူနဲ့ ဂိုးရအောင် လုပ်ပေးနိုင်ပါတယ်”

“ဒီတော့ သူ့ကိုဝေဖန်ပြစ်တင်ဖို့ ခက်တာပေါ့ဗျာ။ သူကတော့ ဒီလိုကစားတာကြောင့်၊ ဂိုးသွင်းစက်တစ်လုံး ဖြစ်နေတာကြောင့် ချီးကျူးသံတွေကို ကြားရကောင်း ကြားရနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အထင် ဆာလာကတော့ တစ်ကိုယ်ကောင်းအဆန်ဆုံး ကစားသမားပါပဲ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

ဆာလာဟာ လီဗာပူးအတွက် နောက်ဆုံး (၉) ပွဲဆက်တိုက် ဂိုးသွင်းယူထားပြီး ဒါဟာ လီဗာပူးသမိုင်းတစ်လျှောက်မှာ ပထမဆုံးစွမ်းဆောင်နိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်စေခဲ့ပါတယ်။ 

Share

က္က