ရတနာပုံတက္ကသိုလ်ကျောင်းသားအသတ်ခံရတာက အချင်းချင်းရန်ဖြစ်တာမဟုတ်ဘဲ ပစ္စည်းလုယက်ပြီးရိုက်နှက်ခံရတာကနေ သေဆုံးတာလို့ရဲက အတည်ပြုပြောကြားခဲ့တယ်ဆိုပြီးတော့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဥက္ကဌ ကိုကျော်သီဟရဲကျော်က Duwun ကိုပြောပါတယ်။
Photo - ရတနာပုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ
“ဒုတိယတိုင်းရဲမှုးကထွက်လာပြီးတော့ ကျွန်တော်တို့ကျောင်းသားတွေကို ဖြေပေးတယ်။အမရပူရရဲစခန်းမှာပေါ့။ရဲထုတ်ပြန်ချက်မှာ ရန်ဖြစ်ပြီးသေဆုံးတယ်လို့ ထုတ်ပြန်တာကို ဘာလို့လဲမေးတယ်။သူတို့ကလည်း ဖြစ်ဖြစ်ချင်းထုတ်ပြန်တာကြောင့် ပြန်ပြီးသတင်းထုတ်ပြန်တာလုပ်ပေးမယ်လို့ ပြောတယ်။လုယက်ပြီးအသတ်ခံရတာပေါ့။တရားခံကတော့ ရှာဖွေနေဆဲပါပဲ ” လို့ သူက ပြောပါတယ်။
ဒါနဲ့ ပါတ်သတ်ပြီးကျောင်းသားတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက ရဲစခန်းကို သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး ရဲက အဲ့လိုအတည်ပြုပြောကြားပေးခဲ့တာလို့လည်း သူတို့က ပြောပါတယ်
ဒီဇင်ဘာ ၂၅ ရက်နေ့ ည ၇ နာရီလောက်မှာ ရတနာပုံတက္ကသိုလ် ၊ကုန်ထုတ်ဓာတုဗေဒနောက်ဆုံးနှစ်ကျောင်းသား မောင်စိုးမိုးဟိန်းကို အမည်မသိလူတစ်စုက ပိုက်ဆံအိတ်လုယက်ပြီးဓါးနဲ့ထိုးခဲ့တာပါ။
ဓါးထိုးခံရသူကျောင်းသားက မန္တလေးပြည်သူ့ဆေးရုံကြီးကို တက်ရောက်ကုသနေစဉ်မှာ သေဆုံးသွားခဲ့တာဖြစ်ပြီးတော့ လုယက်သူတွေက ဆိုင်ကယ်နှစ်စီးနဲ့ လူ ၄ ဦးပါဝင်ပါတယ်။ လုယက်လူသတ်ခဲ့တဲ့တရားခံတွေကိုတော့ ဖမ်းမိခြင်းမရှိသေးဘူးလို့ သိရပြီးတော့ အမရပူရရဲစခန်းမှာ အမှုဖွင့်ထားတာဖြစ်ပါတယ်။