ကာကွယ်ဆေး စမ်းသပ်မှုရလဒ်တွေကို ယခုနှစ်ကုန် သို့မဟုတ် လာမယ်နှစ်အစောပိုင်းမှာ သိရှိနိုင်မယ်လို့ ဆိုပါတယ်။

အမေရိကန်အခြေစိုက် Johnson & Johnson ကုမ္ပဏီထုတ် တစ်ကြိမ်သာ ထိုးနှံရတဲ့ COVID-19 ကာကွယ်ဆေးကို မိမိသဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံကြတဲ့ လူဦးရေ ၆၀,၀၀၀ နဲ့ နောက်ဆုံးအဆင့် စမ်းသပ်လေ့လာမှုများ စက်တင်ဘာ ၂၃ ရက်နေ့မှာ စတင်လိုက်ပြီလို့ သိရပါတယ်။

(Photo: Mark Ralston/AFP via Getty Images)

အခြား ကုမ္ပဏီတွေက ထုတ်လုပ်ထားတဲ့ အလားအလာရှိ COVID-19 ကာကွယ်ဆေးတွေဟာ နှစ်ကြိမ်ထိုးနှံရတာဖြစ်ပြီး Johnson & Johnson (J&J) ရဲ့ ကာကွယ်ဆေးကတော့ တစ်ကြိမ်သာ ထိုးနှံရန်လိုအပ်ပါတယ်။ ကာကွယ်ဆေး တတိယအဆင့် (နောက်ဆုံးအဆင့်) စမ်းသပ်မှုရလဒ်တွေကို ယခုနှစ်ကုန် သို့မဟုတ် လာမယ်နှစ်အစောပိုင်းမှာ သိရှိနိုင်မယ်လို့ ကုမ္ပဏီက မျှော်လင့်ကြောင်း J&J သိပ္ပံဆိုင်ရာ အရာရှိချုပ် ဒေါက်တာပေါလ်စတော့ဖဲလ်စ်က National Institutes of Health (NIH) နဲ့ သမ္မတဒေါ်နယ်ထရန့် အစိုးရအဖွဲ့တို့နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။



(Photo: J&J)

J&J နဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ Moderna, Pfizer နဲ့ AstraZeneca ကုမ္ပဏီတွေရဲ့ COVID-19 ကာကွယ်ဆေးတွေဟာ သီတင်းပတ်များခြားပြီး နှစ်ကြိမ် ထိုးနှံရခြင်းဖြစ်ရာ ကာကွယ်ဆေးထိုးနှံမှု အစီအစဥ်ကို စီမံခန့်ခွဲရာမှာ များစွာပိုမိုခက်ခဲတယ်လို့ ဆိုပါတယ်။ "တစ်ကြိမ်ပဲထိုးရတဲ့ ကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးက လူအမြောက်အမြားကို ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဥ်နဲ့ ကမ္ဘာ့ကပ်ရောဂါထိန်းချုပ်ရေးမှာ အများကြီး အထောက်အကူဖြစ်နိုင်ပါတယ်" လို့ J&J ကာကွယ်ဆေးထုတ်လုပ်မှုမှာ ကူညီခဲ့တဲ့ ဟားဗတ်တက္ကသိုလ်မှ ကာကွယ်ဆေးသုတေသီ ဒေါက်တာဒန်ဘရော့ချ်က တယ်လီဖုန်းအင်တာဗျူးတစ်ခုအတွင်း ပြောခဲ့ပါတယ်။

(Photo: J&J)

J&J ရဲ့ COVID-19 ကာကွယ်ဆေး တတိယအဆင့် စမ်းသပ်မှုကို လေ့လာမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အသေးစိတ်အား ကုမ္ပဏီဝက်ဘ်ဆိုက်မှာ ဖော်ပြထားမယ်လို့ ဒေါက်တာပေါလ်စတော့ဖဲလ်စ်က ဆိုပါတယ်။ J&J ကာကွယ်ဆေးစမ်းသပ်မှု ပထမအဆင့်နဲ့ ဒုတိယအဆင့်တို့ကို အမေရိကန်နဲ့ ဘယ်လ်ဂျီယံမှာ ပြုလုပ်ခဲ့ရာ ရလဒ်ကောင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခု တတိယအဆင့် စမ်းသပ်မှုကို စတင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေါက်တာပေါလ်စတော့ဖဲလ်စ်က ပြောခဲ့ပါတယ်။

Source: Reuters, J&J

Share

Loading Next Article...
က္က