တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်ခံရသူ ၄ သန်းကျော်လွန်လာခဲ့ကြောင်း Johns Hopkins တက္ကသိုလ် COVID-19 Dashboard ရဲ့ ယနေ့ (မေ ၁၀ ရက်) မနက်အစောပိုင်း ကိန်းဂဏန်းဖော်ပြမှုတွေအရ သိရှိရပါတယ်။
(Photo: Reuters)
ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၄ လကျော်အတွင်း ကမ္ဘာတစ်ဝှမ်း လူဦးရေ ၄ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ ဒါ့အပြင် Johns Hopkins ရဲ့ ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ အရေအတွက်ဟာ ဧပြီ ၂၇ ရက်နေ့က ၃ သန်းကျော်လွန်ခဲ့တာတွေ့ရပြီး သီတင်းနှစ်ပတ်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်း တိုးလာခဲ့တာလည်း ဖြစ်ပါတယ်။
ထိုနှုန်းအရ တစ်ရက်လျှင် ကူးစက်ခံရသူ ပျမ်းမျှအရေအတွက် ၇၁,၀၀၀ ကျော် မြင့်တက်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၁ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။
(Image: Johns Hopkins University COVID-19 Dashboard screenshot)
ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁.၃ သန်းကျော်နဲ့ သေဆုံးသူ ၈၀,၀၀၀ နီးပါး (၇၈,၆၃၇ ဦး) အထိ ရှိခဲ့ပါတယ်။ အမေရိကန်ပြီးလျှင် ကူးစက်ခံရသူ ၂ သိန်းနီးပါးနဲ့ ၂ သိန်းကျော်ရှိနေတဲ့ နိုင်ငံတွေအဖြစ် စပိန်မှာ ၂၂၂,၈၅၇ ဦး၊ အီတလီမှာ ၂၁၈,၂၆၈ ဦး၊ ဗြိတိန်မှာ ၂၁၆,၅၂၅ ဦးနဲ့ ရုရှားမှာ ၁၉၈,၆၇၆ ဦး အသီးသီး အတည်ပြု တွေ့ရှိထားပါတယ်။
ပြင်သစ်၊ ဂျာမနီ၊ ဘရာဇီး၊ တူရကီနဲ့ အီရန် နိုင်ငံတွေမှာလည်း COVID-19 ကူးစက်ခံရသူ ၁ သိန်းကျော်မှ ၁၇၀,၀၀ ကျော်အထိ ရှိနေပါတယ်။ COVID-19 ကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့ရာ တရုတ်မှာတော့ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၈၂,၈၈၇ ဦး၊ သေဆုံးသူ ၄,၆၃၃ ဦးနဲ့ ပြန်လည်သက်သာသူ ၇၈,၀၄၆ ဦးရှိခဲ့ရာ ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ယူဆရပါတယ်။
(Photo: AP)
ကမ္ဘာ့နိုင်ငံတွေအနက် အမေရိကန်ပြီးလျှင် COVID-19 သေဆုံးမှု သောင်းဂဏန်းရှိတဲ့ နိုင်ငံများအဖြစ် လက်ရှိအချိန်အထိ ဗြိတိန်မှာ ၃၁,၂၄၁ ဦး၊ အီတလီမှာ ၃၀,၂၀၁ ဦး၊ စပိန်မှာ ၂၆,၄၇၈ ဦး၊ ပြင်သစ်မှာ ၂၆,၂၃၀ ဦးနဲ့ ဘရာဇီးမှာ ၁၀,၀၁၇ ဦးအထိ သေဆုံးခဲ့ပါတယ်။ လတ်တလော ရက်ပိုင်းအတွင်း ကူးစက်မှုတွေ သိသာစွာ မြင့်တက်နေတဲ့ နိုင်ငံကတော့ ရုရှားဖြစ်ပြီး ဘရာဇီးမှာတော့ သေဆုံးမှုတွေ မြင့်တက်နေပါတယ်။
မြန်မာနိုင်ငံပါဝင်တဲ့ အရှေ့တောင်အာရှဒေသမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် တရိပ်ရိပ် တိုးလာနေဆဲဖြစ်တာ တွေ့ရပါတယ်။ ယနေ့ မနက်အစောပိုင်းအထိ စာရင်းတွေအရ နိုင်ငံ ၁၁ နိုင်ငံရှိတဲ့ အရှေ့တောင်အာရှမှာ ကူးစက်ခံရသူ ၆ သောင်းနီးပါး (၅၇,၀၈၀ ဦး) နဲ့ သေဆုံးသူ ၁,၈၅၄ ဦး ရှိခဲ့ပြီး ပြန်လည်သက်သာသူ ၁၄,၈၀၀ ဦး ဖြစ်ပါတယ်။
(Image: MoHS COVID-19 Surveillance Dashboard)
အရှေ့တောင်အာရှမှာ စင်ကာပူနိုင်ငံက COVID-19 ကူးစက်မှု အများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ အတည်ပြုလူနာ ၂၂,၄၆၀ ဦး စစ်ဆေးတွေ့ရှိထားပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေအနက် COVID-19 ကြောင့် သေဆုံးမှုအများဆုံးမှာ အင်ဒိုနီးရှားမှာဖြစ်ပြီး လက်ရှိအချိန်အထိ ၁,၀၀၀ နီးပါး (၉၅၉ ဦး) သေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ မေ ၉ ရက် ညပိုင်းအထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားမှုအရ COVID-19 အတည်ပြုလူနာ ၁၇၈ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ပြန်လည်သက်သာသူ ၆၈ ဦးရှိကြောင်း သိရပါတယ်။