ဥရောပမှာ ကူးစက်မှုတွေ သိသာစွာ မြင့်တက်လာနေခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ စက်တင်ဘာ ၂၀ ရက်နေ့မှာ ၃၁ သန်း ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၉ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၃၁ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၉၆၂,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၂၂.၆ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က သန်း ၃၀ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ စက်တင်ဘာ ၁၇ ရက်နေ့မှာ ၉၄၅,၀၀၀ ကျော်မှ ၄ ရက်ကျော်အတွင်း ၁၇,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၃၁ သန်းကျော်အနက် ၇.၄ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၇ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၀၄,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ လျင်မြန်စွာ ဆက်တိုက် မြင့်တက်နေခဲ့ပြီး ယခုအခါ COVID-19 ကူးစက်ခံရသူ ၅.၆ သန်း ကျော်နဲ့ သေဆုံးသူဦး ၈၈,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၄.၅ သန်းကျော်နဲ့ သေဆုံးသူ ၁၃၆,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။

ထိုအတောအတွင်း ဥရောပမှာ ကူးစက်မှုတွေ သိသာစွာ မြင့်တက်လာနေခဲ့တာ တွေ့ရပါတယ်။ ဥရောပတစ်လွှားမှာ COVID-19 ကူးစက်မှု ကိန်းဂဏန်းများ မြင့်တက်နေမှုဟာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သတိပေးခဲ့ပါတယ်။ COVID-19 ကူးစက်မှုတွေဟာ အရှေ့တောင်အာရှမှာ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။

ကိုဗစ်က လေမှတစ်ဆင့်ကူးစက်နိုင်ကြောင်း အမေရိကန် CDC ပညာပေးလမ်းညွှန်ချက်မှာ ဖော်ပြ

အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်က ကူးစက်ခံရသူ ၂၉၀,၀၀၀ ကျော်ဖြင့် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး အင်ဒိုနီးရှားမှာတော့ ကူးစက်ခံရသူ ၂၄၈,၀၀၀ ကျော် တွေ့ရှိထားပြီး ဒေသတွင်း ကူးစက်မှု ဒုတိယအများဆုံး ဖြစ်ပါတယ်။ COVID-19 ကြောင့် သေဆုံးမှုမှာတော့ အင်ဒိုနီးရှားက အရှေ့တောင်အာရှ နိုင်ငံတွေအနက် အများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၉,၆၀၀၀ ကျော်ရှိခဲ့ပါတယ်။ ဖိလစ်ပိုင်က သေဆုံးသူ ၄,၉၉၉ ရှိခဲ့ပြီး အရှေ့တောင်အာရှမှ COVID-19 ကြောင့် သေဆုံးမှု ဒုတိယအများဆုံး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ဩဂုတ်လလယ်ပိုင်းမှစပြီး ကူးစက်မှုတွေ မြင့်တက်လာခဲ့ရာ အများစုဟာ ပြည်တွင်းကူးစက်မှုတွေ ဖြစ်နေပါတယ်။ လတ်တ‌လော ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ နေ့စဥ် ကူးစက်မှုအရေအတွက် နေ့စဥ် ရာဂဏန်း တိုးလာနေခဲ့ပြီး သေဆုံးသူဦးရေဟာလည်း သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက် ည ၈ နာရီအချိန် ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၆,၁၅၁ ဦး၊ သေဆုံးသူ ၉၈ ဦးနဲ့ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၁,၄၄၅ ဦးရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က