COVID-19 ကုထုံးတွေ၊ ကာကွယ်ဆေးတွေနဲ့ ဆက်စပ်နေတဲ့ သုတေသနနဲ့ ဉာဏပစ္စည်းမူပိုင်ခွင့်ကို တရုတ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ ဟက်ကာများက ခိုးယူရန်ကြိုးပမ်းနေကြောင်း အမေရိကန်အာဏာပိုင်တွေက ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သိပ္ပံဆိုင်ရာ သုတေသီတွေကို မေ ၁၃ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။
(Photo: Reuters)
ရောဂါနဲ့ပတ်သက်ပြီး သုတေသနလုပ်နေတဲ့ အဖွဲ့အစည်းတွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပစ်မှတ်ထားနိုင်ဖွယ်ရှိတယ်လို့ FBI နဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အအုံ လုံခြုံရေးအေဂျင်စီ (Cybersecurity and Infrastructure Security Agency - CISA) က ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။
"ဒီဟက်ကာတွေက တန်ဖိုးရှိတဲ့ ဉာဏပစ္စည်းတွေနဲ့ ကာကွယ်ဆေးတွေ၊ ကုထုံးတွေနဲ့ ဆက်စပ်နေတဲ့ အများပြည်သူ ကျန်းမာရေးအချက်အလက်တွေ၊ ပြီးတော့ COVID-19 သုတေသနဲ့ ဆက်စပ်နေတဲ့ အဖွဲ့တွေနဲ့ အမှုထမ်းတွေဆီက စမ်းသပ်မှုတွေကို တရားမဝင် ရယူဖို့အတွက် ကြိုးပမ်းနေကြတယ်" လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
(Photo: Getty Images)
"ဒီကဏ္ဍကို ပစ်မှတ်ထားဖို့ တရုတ်ရဲ့ အားထုတ်မှုတွေက မိမိတို့နိုင်ငံရဲ့ COVID-19 တုံ့ပြန်ဆောင်ရွက်မှုကို သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုတစ်ခုပဲ ဖြစ်ပါတယ်" လို့ FBI နဲ့ CISA က ပြောပါတယ်။ ထိုအဖွဲ့နှစ်ခုလုံးက တရုတ်အစိုးရနဲ့ ပတ်သက်ပြီး ထိုသို့ ပြောဆိုရာမှာ အထောက်အထား သို့မဟုတ် ဥပမာများ မပေးခဲ့ဘူးလို့လည်း သိရပါတယ်။
သို့သော် COVID-19 နဲ့ တ်သက်တဲ့ သုတေသနတွေ လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအားလုံးဟာ ဆိုက်ဘာလုံခြုံရေးကို သတ်မှတ်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြပါတယ်။ မေ ၁၁ ရက်နေ့မှာ အမေရိကန်မီဒီယာက ဖော်ပြခဲ့မှုအရ COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး hack လုပ်လာနိုင်ကြောင်း FBI အနေနဲ့ သတိပေးချက် ထုတ်ပြန်ရန်ရှိတယ်လို့ ဆိုပါတယ်။
(Photo: Reuters)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ထိုကိစ္စကို အသေအချာ အနီးကပ်စောင့်ကြည့်နေကြောင်း ပြောထားပါတယ်။ တရုတ်အစိုးရဘက်ကတော့ အဆိုပါ စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး တရုတ်နိုင်ငံက ဆိုင်ဘာတိုက်ခိုက်မှု အားလုံးကို ဆန့်ကျင်ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Zhao Lijian က မေ ၁၁ ရက်နေ့မှာ တုံ့ပြန်ခဲ့ပါတယ်။
"ကျွန်တော်တို့က COVID-19 ကုသမှုနဲ့ ကာကွယ်ဆေးသုတေသနမှာ ကမ္ဘာကို ဦးဆောင်နေတာပါ၊ ကောလာဟလတွေ၊ အထောက်အထားမရှိဘဲ မဟုတ်မမှန် လုပ်ကြံပြောဆိုတဲ့ စကားတွေနဲ့ တရုတ်နိုင်ငံကို ပစ်မှတ်ထားတာက အကျင့်ပျက်ယုတ်မာတာပါပဲ" လို့ Zhao က ပြောဆိုခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
(Photo: AFP)
ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ကြောင့် လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ သေဆုံးသူ ၃ သိန်းနီးပါးရှိပြီ ဖြစ်ပါတယ်။ ကူးစက်ခံရသူ အရေအတွက်ကတော့ ကမ္ဘာတစ်ဝှမ်းမှာ ၄.၄ သန်းနီးပါးရှိလာခဲ့ပြီး ပြန်လည်သက်သာသူ ၁.၆ သန်းကျော်ရှိကြောင်း သိရပါတယ်။ အမေရိကန်ဟာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး ကမ္ဘာ့နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁.၄ သန်းကျော်၊ သေဆုံးသူ ၈၄,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၃ သိန်းနီးပါးရှိခဲ့ပါတယ်။