အမျိုးအမည် မသိနိုင်သေးတဲ့ ဗိုင်းရပ်စ်အသစ်ကြောင့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုတွေရှိနေပါတယ်။

တရုတ်နိုင်ငံမှာ လတ်တလော ကူးစက်ဖြစ်ပွားနေပြီး SARS ရောဂါဗိုင်းရပ်စ်အုပ်စုဝင် ဗိုင်းရပ်စ်အသစ်တစ်မျိုးကြောင့် ဖြစ်တယ်လို့ယုံကြည်ထားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ပထမဆုံး လူသေဆုံးမှုရှိလာခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: AFP)

အမျိုးအမည် မသိနိုင်သေးတဲ့ အဆိုပါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်နေသူ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဝူဟန်မြို့မှ လူ ၄၁ ဦးမှာ အဆုတ်ရောင်ရောဂါ ပုံစံတူ လက္ခဏာများတွေ့ရပြီး ၎င်းတို့အနက် တစ်ဦးဟာ ကြာသတေးနေ့ (ဇန်နဝါရီ ၉ ရက်) က သေဆုံးသွားခဲ့ကြောင်း တရုတ်အလယ်ပိုင်းရှိ အဆိုပါမြို့ရဲ့ ကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၁၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။



ဗိုင်းရပ်စ်သစ်ကူးစက်ခံရပြီး နေမကောင်းဖြစ်နေသူ အခြား ခုနစ်ဦးဟာလည်း ရောဂါပြင်းထန်ကြောင်း၊ နှစ်ဦးမှာ ဆေရုံးဆင်းနိုင်ပြီဖြစ်ကာ ကျန်လူနာများကတော့ အခြေအနေ တည်ငြိမ်မှုရှိကြောင်းလည်း ဝူဟန်မြို့ကျန်းမာရေးကော်မရှင်က ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်ချက်အတွင်း ဖော်ပြထားပါတယ်။

(Photo: AFP)

ဝူဟန်မှာ ကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်း စိုးရိမ်ပူပန်ခဲ့ကြရဖူးတဲ့ SARS နဲ့ MERS ရောဂါဖြစ်စေခဲ့တဲ့ ဗိုင်းရပ်စ်အုပ်စုမှ အသစ်ပေါ်ပေါက်လာတဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်နိုင်တယ်လို့ WHO က ဆိုပါတယ်။ SARS (Severe Acute Respiratory Syndrome) နဲ့ MERS (Middle East Respiratory Syndrome) ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်အုပ်ဝင်ဖြစ်ကြောင်း အတည်ပြုနိုင်ရန် နောက်ထပ် ပိုမိုပြည့်စုံတဲ့ သတင်းအချက်အလက်တွေ လိုအပ်နေသေးပေမဲ့ ဝူဟန်မှာ ယခုတွေ့ရတဲ့ ဗိုင်းရပ်စ်ဟာ အသက်အရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်နိုင်ခြေရှိတယ်လို့ WHO က သတိပေးထားပါတယ်။

(Photo: AFP)

တရုတ်ကျွမ်းကျင်ပညာရှင်တွေရဲ့ ကနဦး စစ်ဆေးမှုတွေအရတော့ ယခုဗိုင်းရပ်စ်ဟာ ယခင်က လူတွေမှာ တွေခဲ့ရဖူးတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်မျိုးမဟုတ်ကြောင်း တရုတ်အစိုးရ ရုပ်မြင်သံကြားသတင်းက ယနေ့ (ဇန်နဝါရီ ၉ရက်) ပြောပါတယ်။

"လတ်တလော ကူးစက်ပျံ့နှံ့ခဲ့တဲ့ အဆုတ်ရောင်ရောဂါကို ဖြစ်စေခဲ့တဲ့ ဗိုင်းရပ်စ်အသစ်က ယခင်တွေ့ရှိထားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေနဲ့ မတူပါဘူး၊ ဒီဗိုင်းရပ်စ်အကြောင်းကို အသေးစိတ် သိရှိနားလည်ဖို့ နောက်ထပ် သိပ္ပံဆိုင်ရာ သုတေသနလုပ်ဖို့ လိုအပ်ပါတယ်" လို့ CCTV သတင်းက ဖော်ပြပါတယ်။

(Photo: Lauren DeCicca/Getty Images)

ဝူဟန်မှာ ကူးစက်ခံရမှုများ စစ်ဆေးတွေ့ရှိရတဲ့ ဗိုင်းရပ်စ်ဟာ ၂၀၀၂-၀၃ ခုနှစ်က တရုတ်မှာ စတင်တွေ့ရှိရပြီး ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့ ဖြစ်ပွားခဲ့ကာ လူ ၇၀၀ ကျော် သေဆုံးခဲ့တဲ့ တုပ်ကွေးကဲ့သို့ SARS ဗိုင်းရပ်စ်နဲ့ ဆက်နွယ်နိုင်ကြောင်း သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အပြင်းအထန် ဖြစ်ပွားနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။

၂၀၀၂-၀၃ ခုနှစ်ကာလက တရုတ်မှာ စတင်တွေ့ရှိခဲ့တဲ့ SARS ဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်း ၂၆ နိုင်ငံရှိ လူဦးရေ ၈,၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး တရုတ်ပြည်မကြီးမှာ ၃၄၉ ဦးနဲ့ ဟောင်ကောင်မှာ ၂၉၉ ဦး သေဆုံးခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အမျိုးအမည်မသိတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေဖြစ်နေတာကြောင့် အဆိုပါမြို့ကနေ စင်ကာပူနဲ့ ဟောင်ကောင်ကို ဝင်ရောက်လာသူတွေအား စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

(Source: ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)

ထို့အတူ မြန်မာနိုင်ငံမှာလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ပုဂံလေဆိပ်တွေမှာ နိုင်ငံတကာမှ ဝင်ရောက်လာသူတွေ ၊ အထူးသဖြင့် တရုတ်နိုင်ငံက ဝင်ရောက်လာသူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်က Duwun ကိုပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က