သရုပ်ဆောင် ကင်းကောင် မကွယ်လွန်ခင်မှာ ရုပ်ရှင်အစည်းအရုံးသို့ နောက်ဆုံး လှူဒါန်းခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင် ကင်းကောင်နှင့် ဇနီးတို့ရဲ့ ပုံရိပ် (Photo - ကင်းကောင် FB)
သရုပ်ဆောင် ဦးကင်းကောင်ဟာ မကွယ်လွန်ခင်မှာ သူချစ်တဲ့ ရုပ်အစည်းအရုံးအတွက် နောက်ဆုံးအလှူတစ်ခု ပြုခဲ့ပါသေးတယ်။ အဲ့ဒီအလှူက သူပါဝင်ထားတဲ့ “နှစ်ယောက်တစ်ယောက်” ဆိုတဲ့ ရုပ်ရှင်ကားထုတ်ကြီး ဖလင်တစ်ကားကို မြန်မာနိုုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ ရုပ်ရှင်အစည်းအရုံး၏ ဒုဥက္ကဌ ဦးအေးကြူလေးက Duwun Media သို့ ပြောပြခဲ့ပါတယ်။
“အဲ့ဒီကားက အရင်တုန်းက ရုပ်ရှင်ဖလင်ကားကြီးပေ့ါ။ အနုပညာရှင်တွေအများကြီးပါဝင်ထားတယ်။သူလည်းပါဝင်ထားတယ်။ အဲ့ဒါကို လှူဒါန်းခဲ့တာပေ့ါ။ သူ့ရဲ့ နောက်ဆုံးအလှူလို့ ပြောလို့ရမယ်။ မမေ့နိုင်စရာပါပဲ။ စိတ်မကောင်းဘူး။သူ့ရဲ့ နောက်ဆုံးခရီးကိုလည်း အဖွဲ့ဝင်တွေ အားလုံး လိုက်ပို့ကြမယ်။ လိုအပ်တာတွေ လုပ်ပေးကြမှာပါ” လို့ သူက ဆိုပါတယ်။
ကင်းကောင်ရဲ့ ရုပ်အလောင်းကို ရေခဲတိုက်သို့ ပို့ဆောင်နေစဉ်
ကင်းကောင်ဟာ ဇန်နဝါရီ(၂၂) ရက်နေ့ နံနက်ခင်းက ပုပ္ပါးမှာ ရုတ်တရက် ဆုံးပါးသွားခဲ့တာပါ။ သဘောကောင်း လွန်းတဲ့ ဝါရင့်သရုပ်ဆောင် ကင်းကောင်ရဲ့ နာရေးသတင်းကြောင့် အားလုံး အံ့သြစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။
ပုပ္ပားမှာ အအေးဒဏ်ကြောင့် ချွဲကြပ်ဆုံးပါးသွားတဲ့ ကင်းကောင်ရဲ့ သက်မဲ့ ရုပ်အလောင်းကို ပုပ္ပားကနေ ရန်ကုန်သို့ ဇန်နဝါရီ(၂၂) ရက်နေ့က ချက်ချင်းပဲ သယ်ဆောင်လာခဲ့ပြီး ရန်ကုန်မြို့၊ ရေဝေးသုဿန် ရေခဲတိုက်သို့ ပို့ဆောင်ခဲ့ပါတယ်။အသက်(၅၅)နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ ကင်းကောင်ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီ(၂၄) ရက်နေ့ နံနက်(၉)နာရီမှာ ရေဝေးသုဿန်တွင်းမီးသဂြိုလ်သွားမှာ ဖြစ်ပါတယ်။