အမေနဲ့ အစ်ကိုကြီးကတော့ ကျေးဇူးရှင်ပါပဲ။
 

အဆိုတော်ဟန်ထူးဈာန်ဟာ အခုလက်ရှိမှာတော့ " Celebrity'' ဆိုတဲ့ သူ့ရဲ့ တစ်ကိုယ်တော်တေးစီးရီး MTV အတွက် ရိုက်ကူးရေးတွေ လုပ်နေတာဖြစ်ပါတယ်။ ဟန်ထူးဈာန်ဟာ အနုပညာအလုပ်ကို ဝါသနာပါတဲ့အတွက် စွမ်းစွမ်းတမံကြိုးစားနေရပေမယ့်လည်း သူ့မှာ စိတ်ဓာတ် ကျစရာတွေ အများကြီးရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီ စိတ်ဓာတ်ကျနေရတဲ့ အချိန်တွေကနေ မိခင်နဲ့ အစ်ကိုဖြစ်သူတို့ရဲ့ ဖေးမကူညီမှုကြောင့် အနုပညာအလုပ်တွေကို ဆက်လုပ်ဖြစ်နေတယ် ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။


'' ဘယ်လောက်အထိ စိတ်ဓာတ်ကျသွားသလဲဆိုရင် ကိုယ့်ရဲ့ ပြည်ကိုပြန်သွားချင်တယ်။ ကိုယ့်ရဲ့အိမ်နဲ့ ခြံလေးနဲ့ ကိုယ့်ရဲ့ ပုံမှန်လစာလေးနဲ့ပဲ နေပြီးတော့မှ အားလုံးကို အဆက်အသွယ်ဖြတ်လိုက်ချင်တာ။ ပြီးရင် ဘယ်သူနဲ့မှလည်း မတွေ့ချင်တေ့ာဘူး။ စိတ်ဓာတ်တွေ လုံးဝကျပြီး ညတွေလည်း အိပ်မပျော်တော့ဘူး။ ဆိုဒ်ကိုဝင်သွားတာပေါ့။ အခုတော့ မေမေရယ်၊ အစ်ကိုကြီးရယ်နဲ့ အတူနေတယ်။ ကိုယ်တစ်ခုခု လုပ်တော့ မယ် ဆိုရင် မေမေက သား ဘာလုပ်ဦးမလို့လဲပေါ့။ အခုဆိုရင်လည်း အစ်ကိုကြီးက အစအဆုံးလိုက်လုပ်ပေးတယ်။ ဟန်ထူးဈာန်က တောင်းတ တိုင်း ဖြစ်နေတယ်ဆိုတာကလည်း မေမေလည်း ရှိတယ်၊ အစ်ကိုကြီးလည်း ရှိတယ် အဲ့ဒါကြောင့်ပါပဲ။ အဓိက က အစ်ကို့ရဲ့ ကျေးဇူးရှင် တွေပေါ့'' လို့ ဖွင့်ဟပြောပြခဲ့ပါတယ်။

 

ဟန်ထူးဈာန်တစ်ယောက် စိတ်ညစ်ခဲ့ရတဲ့အချိန်တွေမှာ ဘုရား၊ တရားကိုလည်း တစိုက်မတ်မတ်လုပ်ဖြစ်ခဲ့တာ နှစ်နဲ့တောင်ချီတယ်လို့ ဆိုပါတယ်။ သူ ဝါသနာပါတဲ့ အဆိုတော်အလုပ်နဲ့ဘဲ မိဘကို လုပ်ကျွေးပြုစုချင်တယ်ဆိုပြီးတော့ ဆုတောင်းခဲ့သေးတယ်လို့ ဆိုပါတယ်။

'' အဲ့ဒီအချိန်မှာ အဓိဋ္ဌာန်တွေဝင်ဖြစ်တယ်၊ ဘုရားတရားတွေ လုပ်ဖြစ်တယ်။ နှစ်နဲ့ ချီပြီးတော့ကို လုပ်ဖြစ်တာ နောက်ဆုံးတော့ ဘုရားချ ပေးလိုက်တဲ့ လမ်းစဉ်အတိုင်းပဲ တပည့်တော် ဆက်လျှောက်မယ်။ ကောင်းတဲ့ အရာတွေပဲ လမ်းပြပေးပါတဲ့။ ပြီးတော့ နောက်ထပ် တစ်ခုုက ဒီဝါသနာပါတဲ့အလုပ်နဲ့ မိသားစုကို ပြန်ပြီးတော့ လုပ်ကျွေးပြုစုချင်ပါတယ်ဆိုပြီးတော့ ဆုတောင်းခဲ့တာ တကယ်ပြည့်ပါတယ်။ ကိုယ်သည် ရှေ့ကို ရောက်ချင်တဲ့အတွက် ကိုယ်ကိုယ်တိုင်ပဲ အရင် ပြင်ရမှာလေ'' ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

Photo: ဟန်ထူးဈာန်ဖေ့စ်ဘွတ်

Sun Sun ကို ချစ်မိတဲ့အကြောင်းပြောလာတဲ့ ဟန်ထူးဈာန် 

'' ယောကျ်ားတံခွန် လူရည်ချွန် ကောင်းကင်တမော့ ကြယ်ကိုစွတ်'' ဆိုတဲ့ စကားလေးကတော့ သူ့အတွက် အင်အားတွေဖြစ်စေခဲ့တယ်ဆိုတာ ကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' ယောကျ်ားတံခွန် လူရည်ချွန် ကောင်းကင်တမော့ ကြယ်ကိုစွတ်'' ဆိုတဲ့ စကားအတိုင်းဆက်လုပ်တယ်။ စလျှောက်ထားတဲ့ လမ်းကို ဆုံးအောင်ဆက်လျှောက်မယ်၊ လုံးဝ တိမ်ကောမသွားချင်ဘူး အဲ့ဒီစကားတစ်ခွန်းကို ကြားလိုက်ရတဲ့အချိန်မှာ သြော် ဟုတ်တာပဲ ငါ ဘွဲ့တစ်ခုလုံး ယူပြီးတော့မှ ဘာမှမလုပ်ပဲ ဒီလမ်းကို လျှောက်ခဲ့တာ ငါ ဆက်လုပ်ရမယ်ဆိုပြီးတော့ အားတွေဖြစ်သွားတယ်'' လို့ သူကဆိုပါတယ်။

 

ဟန်ထူးဈာန်ရဲ့ " Celebrity'' MTV အခွေထဲမှာလည်း ထိုင်းနိုင်ငံရဲ့ နာမည်ကျော်အလှမယ်တစ်ဦးဖြစ်တဲ့ Maeya Sun Sun ကလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဟန်ထူးဈာန်ဟာ အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲကြီးမှာ 3 Runner Up ဆုအပြင် Popular Choice Award ဆုကိုလည်းရရှိခဲ့သူဖြစ်ပါတယ်။ ပြိုင်ပွဲကြီးပြီးသွားတဲ့နောက် ၂၀၁၇ ခုနှစ်အတွင်းမှာ " Celebrity'' ဆိုတဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးထွက်ရှိခဲ့ပါတယ်။ တစ်ကိုယ်တော် အခွေ ထွက်ရှိပြီးတဲ့နောက်မှာလည်း အွန်လိုင်းပေါ်ကနေ MTV လေးတွေ တင်ဆက်ပေးရင်းနဲ့မှ ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က