အသက်(၅၈)နှစ်ပြည့် မွေးနေ့အလှူကို မိဘမဲ့ ကလေးကျောင်းမှာ အလှူလုပ်ခဲ့တာပါ။

သရုပ်ဆောင် မေသန်းနုက ချစ်ရတဲ့ We Love လေးတွေနဲ့ အတူ ဒီနေ့(ဖေဖော်ဝါရီလ ၁၂ ) ရက်နေ့မှာ မွေးနေ့ အလှူပြုလုပ်ခဲ့ပါတယ်။ သူမဟာ ဇန်နဝါရီလ ၂၇ ရက်နေ့က အသက် ၅၈ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။

မေသန်းနု We Love May Than Nu ပရိသတ်တွေနဲ့ အတူ သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ရတနာပုံရိပ်ငြိမ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မွေးနေ့အလှူပြုလုပ်ခဲ့ပါတယ်။ အလှူပြုလုပ်ရခြင်းရဲ့ ခံစားချက်ကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။



‘’အရမ်းပီတိဖြစ်ရတာပေါ့နော်။ မိဘမဲ့ ကလေးကျောင်းမှာ လာလုပ်ခြင်းအားဖြင့် ကုသိုလ်လည်းရတယ်။ မဆင့်လည်း Fan တွေနဲ့ တွေ့ဆုံခွင့်ရလို့ ပျော်လည်း ပျော်ပါတယ်။ ဒီနေ့ အလှူကိုလည်း Fan တွေကပဲ စီစဉ်ပေးထားတာပါ။ မဆင့်ကတော့ ဘုန်းဘုန်းကို ဝတ္ထု ကပ်တယ်ပေါ့’’ လို့ သူကဆိုပါတယ်။

မေသန်းနုရဲ့ မွေးနေ့ အလှူကို ရတနာပုံရိပ်ငြိမ် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းတိုက်မှာ ရှိတဲ့ ကျောင်းသား ၂၀၉ ယောက်ကို နေ့လည်စာနဲ့အတူ၊ မုန့်တွေ၊ စာရေးကရိယာတွေ လှူဒါန်းခဲ့ တယ်လို့ သိရပါတယ်။ သူမကတော့ ဇန်နဝါရီလ ၂၇ ရက်နေ့က အသက် ၅၈ နှစ်ပြည့်ခဲ့တာပါ။ အနုပညာအလုပ်တွေ မအားလို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှသာ အလှူလုပ်နိုင်ခဲ့တယ်လိ့ု သိရပါတယ်။

မေသန်းနုက မိဘမဲ့ကျောင်းမှာ အလှူလုပ်ရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သူမရဲ့ ခံစားချက်ကို ရင်ဖွင့်ပြောပြထားပါတယ်။ တော်တော်လေးလည်း စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

‘’ မဆင့်ဆိုရင် သားသားငယ်ငယ်တုန်းက မွေးနေ့ဆိုရင် မိဘမဲ့ကျောင်းမှာပဲ အမြဲတမ်း လှူလေ့ လှူထရှိတယ်။ အဲဒီအရွယ်လေးတွေ တွေ့ရင် အမြဲတမ်း စိတ်မကောင်းဘူး။ ကိုယ့်မှာလည်း သားရှိတဲ့အခါကျတော့လေ။ သူတို့မှာ မိဘမေတ္တာဆိုတာ အမြဲလိုအပ်နေမှာ အခုကလည်း အရွယ်က တစ်ရွယ်တည်းတွေဖြစ်နေတော့ ကြည့်ရတာ တော်တော်စိတ်မကောင်းဖြစ်မိတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

သရုပ်ဆောင် မေသန်းနု(May Than Nu)ဟာ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုများနဲ့ ရပ်တည်နိုင်ခဲ့ပြီး အခုချိန်ထိလည်း ပရီသတ်အားပေးမှုရနေတဲ့ သရုပ်ဆောင်တစ်ဦးပါ။ မေသန်းနုကို သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကနေ ပရိသတ်တွေ စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။

မေသန်းနုဟာ ၁၉၉၂ ခုနှစ်မှာ “မူပိုင်ချစ်သူ”၊ ၁၉၉၅ ခုနှစ်မှာ ”ပုဂံမှာသာတဲ့လ”၊ ၁၉၉၆ ခုနှစ်မှာ “အလင်းဖျော့ကောင်းကင်”၊ ၂၀၀၁ ခုနှစ်မှာ ”ချစ်ခြင်း၏အခြားမဲ့၌" ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုများ ရရှိခဲ့သလို ၂၀၀၂ ခုနှစ်မှာလည်း "ငါသူတစ်ပါးယောကျ်ားမိန်းမ" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထပ်မံရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က