Brexit သဘောတူညီမှုကို ကန့်ကွက်ဆန္ဒပြမှုနဲ့ ထောက်ခံဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

ဗြိတိန်လွှတ်တော်အမတ်တွေက ဝန်ကြီးချုပ်ထရီဆာမေရဲ့ Brexit သဘောတူညီမှုကို ဒုတိယအကြိမ် ပယ်ချလိုက်ကြောင်း သိရပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအဖြစ်မှ ဗြိတိန်နုတ်ထွက်ရေး Brexit သဘောတူညီမှုကို လွှတ်တော်မှာ မတ်လ ၁၂ ရက်နေ့က ဒုတိယအကြိမ် မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

(လွှတ်တော်မှာ ဆွေးနွေးနေသည့် ထရီဆာမေ) (Photo: PA)

ဗြိတိန်အောက်လွှတ်တော် (House of Commons) မှာ မဲခွဲခဲ့ရာ ကန့်ကွက်မဲ ၃၉၁ မဲ၊ ထောက်ခံမဲ ၂၄၂ မဲ ရလဒ်ထွက်ပေါ်ခဲ့ပြီး ဝန်ကြီးချုပ်ထရီဆာမေရဲ့ Brexit သဘောတူညီမှုကို ပယ်ချလိုက်ပါတယ်။ ဥရောပသမဂ္ဂမှ နုတ်ထွက်မှု စတင်မယ့်ရက်မတိုင်မီ ၁၇ ရက်အလိုမှာ လွှတ်တော်က မဲခွဲပယ်ချခဲ့တာဖြစ်ပြီး ဗြိတိန်နိုင်ငံကို နောက်ထပ် မတည်မငြိမ်ဖြစ်မှု အခြေအနေကို ရောက်စေခဲ့ပါတယ်။



ဝန်ကြီးချုပ်ထရီဆာမေဟာ ဥရောပသမဂ္ဂထံမှ နောက်ထပ် အာမခံချက်တွေရခဲ့ပေမဲ့လည်း ဗြိတိန်လွှတ်တော်က ၎င်းရဲ့ Brexit သဘောတူညီမှုကို ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။ ဗြိတိန်က ၎င်းရဲ့ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်တဲ့ ဥရောပသမဂ္ဂနဲ့ ၄၆ နှစ်ကြာ ပူးပေါင်းဆောင်ရွက်လာမှုတွေကို လာမယ့် မတ်လ ၂၉ ရက်မှာ အဆုံးသတ်ရန် စီစဉ်ထားခဲ့ပါတယ်။

(ဗြိတိန်လွှတ်တော်အမတ်များ) (Photo: Daily Mail)

ဥရောပသမဂ္ဂကနေ နုတ်ထွက်လိုက်ပါက ဗြိတိန်မှာ စီးပွားရေး ကသောင်းကနင်းဖြစ်မှုတွေ ပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်ရှိနေကြောင်းလည်း သိရပါတယ်။ ဝန်ကြီးချုပ်ထရီဆာမေကတော့ Brexit သဘောတူညီမှုအတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့ ကြုံးဝါးခဲ့ပြီး ယခု မဲခွဲမှုရလဒ်ကို လက်မခံဘူးလို့လည်း ဆိုပါတယ်။

"ကျွန်မတို့ ညှိနှိုင်းဆွေးနွေးပြီး ရရှိထားတဲ့ သဘောတူညီမှုက အကောင်းဆုံးပါ၊ ဒါက တစ်ကယ့်ကို တစ်ခုတည်းသော သဘောတူညီမှုပါ" လို့ ထရီဆာမေက လွှတ်တော်မှာ မဲခွဲအပြီး ပြောခဲ့ပါတယ်။ ယနေ့ (မတ်လ ၁၃ ရက်) မှာ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှု ထပ်မံ ပြုလုပ်သွားမယ်လို့ ထရီဆာမေက ကတိပြုခဲ့ပါတယ်။

(လေဘာပါတီနဲ့ အတိုက်အခံအုပ်စုခေါင်းဆောင် ဂျရီမီကော်ဘိုင်း) (Photo: AFP/Getty Images)

ထိုသို့ မဲခွဲရာမှာ မျှော်လင့်ထားတဲ့အတိုင်း ပယ်ချခဲ့ပါက ကြာသပတေးနေ့ (မတ်လ ၁၄ ရက်) မှာ Brexit အစီအစဉ်ကို ရွှေ့ဆိုင်းထားရန်အတွက် ဥရောပသမဂ္ဂထံ တောင်းဆိုခြင်းပြု မပြု ဆုံးဖြတ်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ပြောခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

လွှတ်တော်က Brexit အစီအစဉ်ကို ဖျက်သိမ်းရန်၊ ဒုတိယအကြိမ် လူထုဆန္ဒခံယူပွဲပြုလုပ်ရန် သို့မဟုတ် နောက်ထပ် သဘောတူညီမှုဖြင့် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန်တို့ အပါအဝင် ယခုကိစ္စကို အချိန်ဆွဲနေပါက မလိုလားအပ်တဲ့ ရွေးချယ်မှုတွေနဲ့ ကြုံတွေ့နိုင်ကြောင်းလည်း ထရီဆာမေက ဆိုပါတယ်။

(လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှု) (Infographic: BBC)

Brexit သဘောတူညီမှုကို ဗြိတိန်လွှတ်တော်မှာ ဇန်နဝါရီ ၁၅ ရက်နေ့က မဲခွဲဆုံးခဲ့ရာမှာလည်း ကန့်ကွက်မဲ ၄၃၂ မဲ၊ ထောက်ခံမဲ ၂၀၂ ရလဒ်ထွက်ပေါ်ခဲ့ပြီး ကန့်ကွက်မဲအရေအတွက် ၂၃၀ အသာဖြင့် ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။ ထိုစဉ်က မဲခွဲဆုံးဖြတ်မှုရလဒ်ဟာ ဗြိတိန် နိုင်ငံရေးသမိုင်းတစ်လျှောက် လက်ရှိ အစိုးရတစ်ရပ်က လွှတ်တော်မဲခွဲဆုံးဖြတ်မှုမှာ အကြီးမားဆုံး ရှုံးနိမ့်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Brexit နဲ့ပတ်သက်ပြီး လွှတ်တော်မဲခွဲမှု နှစ်ကြိမ်တိုင် ရှုံးနိမ့်ခဲ့ခြင်းက ဝန်ကြီးချုပ်ထရီဆာမေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာပါတယ်။ ထရီဆာမေဟာ ဥရောပသမဂ္ဂကနေ ဗြိတန်နုတ်ထွက်ရေး Brexit သဘောတူညီမှုရရှိရန် ဥရောပသမဂ္ဂနဲ့ ၂ နှစ်ကျော်ကြာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

(Brexit ကိစ္စ သဘောကွဲလွဲပြီး နိုင်ငံခြားရေးဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့သည့် ဘောရစ်ဂျွန်ဆင်) (Photo: Daily Mail)

Brexit အစီအစဉ်အရ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ ဗြိတိန်နုတ်ထွက်မှုကို လာမယ့် မတ်လ ၂၉ ရက်မှာ စတင်ဆောင်ရွက်မှာဖြစ်ပြီး အကူးအပြောင်းကာလ ၂၁ လအတွင်း လွတ်လပ်တဲ့ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းမှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Brexit သဘောတူညီမှုကို ဗြိတိန်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအား ယခင်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာပြုလုပ်ရန် စီစဉ်ထားခဲ့ပေမဲ့ ဝန်ကြီးချုပ်ထရီဆာမေက ရွှေ့ဆိုင်းခဲ့ပြီး ၎င်းရဲ့အစီအစဉ်ကို လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုပိုမိုရရှိအောင် ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ Brexit သဘောတူညီမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုနဲ့ ထောက်ခံဆန္ဒပြမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။

(ဗြိတိန်အောက်လွှတ်တော် အစည်းအဝေး) (Photo: CNN)

Brexit ကိစ္စ ညှိနှိုင်းဆွေးနွေးမှု အဆင်မပြေဖြစ်ကာ နိုင်ငံမှာ မတည်ငြိမ်မှုတွေ ပေါ်ပေါက်လာပါက ဘုရင်မကြီး အဲလိဇဘက်သ်နဲ့ တော်ဝင်မိသားစုတွေကို ရွှေ့ပြောင်းပေးရန်အတွက် ဗြိတိသျှအာဏာပိုင်တွေက စစ်အေးခေတ် အရေးပေါ်အစီအစဉ်များကို ပြန်လည်ဖော်ထုတ် ပြင်ဆင်ထားခဲ့ကြောင်း ဖေဖေါ်ဝါရီလအတွင်း The Sunday Times နဲ့ Mail on Sunday သတင်းစာတို့က ဖော်ပြခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က