ကမ္ဘာတစ်ဝှမ်းဖြစ်ပွားတဲ့ ကူးစက်မြန် ကပ်ရောဂါ COVID-19 နဲ့ ပတ်သက်ပြီး နာမည်ကြီးနေခဲ့တဲ့ ဝူဟန်ဓာတ်ခွဲခန်းမှာ လင်းနို့ဗိုင်းရပ်စ်များရှိကြောင်း၊ သို့သော် ထိုဗိုင်းရပ်စ်တွေက COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) နဲ့ မတူညီကြောင်း ဓာတ်ခွဲခန်းရဲ့ အဓိကတာဝန်ရှိသူက ပြောပါတယ်။
အခု ကျွန်မတို့ဆီမှာ လင်းနို့ဗိုင်းရပ်စ်သုံးမျိုး ရှိပါတယ်၊ ဒါပေမဲ့ သူတို့က SARS-COV-2 နဲ့ အမြင့်ဆုံး တူညီမှုရာခိုင်နှုန်းဟာ ၇၉.၈ သာဖြစ်ပါတယ်
လင်းနို့တွေမှာတွေ့ရတဲ့ ဗိုင်းရပ်စ်သုံးမျိုးကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာရှိတဲ့ ဓာတ်ခွဲခန်းမှာ မွေးမြူထားရှိကြောင်း Wuhan Institute of Virology ရဲ့ ဒါရိုက်တာက ပြောခဲ့တာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက COVID-19 ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ လင်းနို့တွေမှာ စတင်ခဲ့ပြီးနောက် အခြား နို့တိုက်သတ္တဝါမှတစ်ဆင့် လူတွေကို ကူးစက်နိုင်ခဲ့ကြောင်း ယူဆထားကြပါတယ်။
သို့သော် Wuhan Institute of Virology ရဲ့ ဒါရိုက်တာကတော့ ဗိုင်းရပ်စ်ဟာ ဝူဟန်ဓာတ်ခွဲခန်းမှ လွတ်ထွက်လာနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ အခြား နိုင်ငံတွေရဲ့ ပြောဆိုနေမှုဟာ မမှန်မကန် စွပ်စွဲခြင်းဖြစ်တယ်လို့ တရုတ်အစိုးရပိုင် CGTN သတင်းဌာနကို ပြောပါတယ်။ Wuhan Institute of Virology ဓာတ်ခွဲခန်းကို သီးခြားခွဲထားတာဖြစ်ပြီး လင်းနို့များထံမှ ကိုရိုနာဗိုင်းရပ်စ်အချို့ရှိကြောင်း မေ ၂၃ ရက်နေ့က CGTN နဲ့ သီးသန့်အင်တာဗျူးမှာ ဒါရိုက်တာဝမ်ယန်ယီ (Wang Yanyi) က ပြောခဲ့တာဖြစ်ပါတယ်။
"အခု ကျွန်မတို့ဆီမှာ လင်းနို့ဗိုင်းရပ်စ်သုံးမျိုး ရှိပါတယ်၊ ဒါပေမဲ့ သူတို့က SARS-COV-2 နဲ့ အမြင့်ဆုံး တူညီမှုရာခိုင်နှုန်းဟာ ၇၉.၈ သာဖြစ်ပါတယ်" လို့ သူမက ပြောပါတယ်။ ဝမ်ယန်ယီရဲ့ သုတေသနအဖွဲ့တွေအနက် ပါမောက္ခ Shi Zhengli ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့က လင်းနို့တွေမှာတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ၂၀၀၄ ခုနှစ်ကတည်းက လေ့လာနေခဲ့ကြပြီး SARS ရောဂါရဲ့ မူလဇစ်မြစ်ကို အဓိကထား ခြေရာခံ ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
၂၀၀၂ မှ ၂၀၀၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ SARS ရောဂါဟာလည်း တရုတ်မှာ စတင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း လူဦးရေ ၈,၀၀၀ ကျော် ကူးစက်ခဲ့ကာ လူ ၇၇၀ ကျော် သေဆုံးခဲ့ပါတယ်။ "အခုဖြစ်နေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်က SARS တုန်းကနဲ့ ၈၀ ရာခိုင်နှုန်းပဲ တူညီပါတယ်၊ ဒါက သိသာထင်ရှင်းတဲ့ ကွဲပြားခြားနားမှုပါ၊ ဒါကြောင့် ပါမောက္ခ Shi Zhengli တို့ အရင်လုပ်ခဲ့တဲ့ သုတေသနမှာ SARS နဲ့ တူညီမှုနည်းတဲ့ ဒီလို ဗိုင်းရပ်စ်တွေကို အာရုံမစိုက်ခဲ့ကြပါဘူး" လို့ ဝမ်ယန်ယီက ပြောပါတယ်။
အရင်လုပ်ခဲ့တဲ့ သုတေသနမှာ SARS နဲ့ တူညီမှုနည်းတဲ့ ဒီလို ဗိုင်းရပ်စ်တွေကို အာရုံမစိုက်ခဲ့ကြပါဘူး
ဝူဟန်ဓာတ်ခွဲခန်းအနေနဲ့ အမျိုးအမည်မသိ ဗိုင်းရပ်စ်တစ်မျိုး (ယခုအခါ SARS-CoV-2 လို့ အမည်သတ်မှတ်ထား) ရဲ့ နမူနာတွေကို ယမန်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို ယခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ စိစစ်ခွဲခြားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ထံသို့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ အချက်အလက်များ ပေးပို့ခဲ့ကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ဗိုင်းရပ်စ်ရဲ့ နမူနာတွေကို ရရှိခဲ့ချိန်မတိုင်မီအထိ သူမရဲ့အဖွဲ့အနေနဲ့ ထိုဗိုင်းရပ်စ်မျိုးကို လုံးဝ မတွေ့ခဲ့ဖူးကြောင်း၊ သုတေသနလုပ်ခြင်း သို့မဟုတ် ထိန်းသိမ်းထားခြင်းလည်း လုံးဝ မရှိခဲ့ကြောင်း Wuhan Institute of Virology ရဲ့ ဒါရိုက်တာဝမ်ယန်ယီက CGTN အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
အခြားသူတွေလိုပဲ ကျွန်မတို့လည်း ဒီဗိုင်းရပ်စ်ရှိတယ်ဆိုတာ သိတောင် မသိခဲ့ကြဘူး
"အခြားသူတွေလိုပဲ ကျွန်မတို့လည်း ဒီဗိုင်းရပ်စ်ရှိတယ်ဆိုတာ သိတောင် မသိခဲ့ကြဘူး၊ ကျွန်မတို့မှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ ဗိုင်းရပ်စ်က ကျွန်မတို့ရဲ့ ဓာတ်ခွဲခန်းကနေ ဘယ်လိုထွက်လာနိုင်မလဲ" လို့ ဝမ်ယန်ယီက ရှင်းလင်းခဲ့ပါတယ်။ အမေရိကန်သမ္မတထရန့်နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်မ်ပီအိုတို့ကတော့ COVID-19 ဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ဟာ ဝူဟန်ဓာတ်ခွဲခန်း ဇီဝလုံခြုံရေးကျိုးပေါက်မှုကြောင်း လွတ်ထွက်လာခဲ့တာဖြစ်ကြောင်းနဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုလုပ်ရန် လိုအပ်ကြောင်း အဓိက မီဒီယာတွေကို ပြောကြားမှုတွေရှိခဲ့ပါတယ်။
ကျွန်မတို့မှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ ဗိုင်းရပ်စ်က ကျွန်မတို့ရဲ့ ဓာတ်ခွဲခန်းကနေ ဘယ်လိုထွက်လာနိုင်မလဲ
အမေရိကန် နိုင်ငံရေးသမားတွေက ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်အကြောင်း ကောလာဟလတွေ မမှန်မကန် လုပ်ကြံပြောဆိုပြီး တရုတ်ကို အပြစ်ဖို့နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မေ ၂၄ ရက်မှာ ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။ ယခုဗိုင်းရပ်စ်အသစ်ရဲ့ မူလဇစ်မြစ်ကို သိရှိဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုဟာ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု မရှိသမျှ တရုတ်နိုင်ငံက နိုင်ငံတကာပူးပေါင်းဆောင်ရွက်ကို တံခါးဖွင့်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောပါတယ်။ လက်ရှိအချိန်အထိ ဝူဟန်မြို့မှာ စတင်တွေ့ခဲ့တဲ့ COVID-19 ကူးစက်ခံရသူ ကမ္ဘာတစ်ဝှမ်းမှာ ၅.၄ သန်းကျော်လွန်လာခဲ့ပြီး သေဆုံးသူ ၃၄၅,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာလာသူ ၂.၂ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။
Source & Photo: AFP, CGTN, EPA-EFE
Share