ရော်နယ်ဒို၊ မက်ဆီတို့ရဲ့ အခြေအနေတို့နဲ့နှိုင်းယှဥ်ခဲ့တာပါ။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က သူ့အသင်းရဲ့ လက်ရှိအနေအထားနဲ့ ပတ်သက်လို့ ရော်နယ်ဒို၊ မက်ဆီတို့ရဲ့ အခြေအနေတွေနဲ့ နှိုင်းယှဥ် ပြောကြားလိုက်ပါတယ်။ လီဗာပူးဟာ ဒီရာသီမှာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ နိုင်ပွဲနှစ်ပွဲ၊ ချန်ပီယံလိဂ်မှာ နိုင်ပွဲတပွဲသာရရှိထားပါတယ်။ နောက်ပိုင်းနှစ်တွေမှာ လီဗာပူးက ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီးနဲ့အပြိုင် စိန်ခေါ်ခဲ့တာပါ။



ချန်ပီယံလိဂ်မှာလည်း မနှစ်ကပဲ ပူပူနွေးနွေး ဗိုလ်လုပွဲတက်ရောက်ထားနိုင်ပြီး ဒီရာသီ လီဗာပူးရဲ့ ကျဆင်းမှုတွေက တော်တော်လေး အံ့အားသင့်ဖို့ ကောင်းနေပါတယ်။ ဒါပေမယ့်လည်း ကလော့ပ်ကတော့ “ကျနော့်ကစားသမားတွေ ဘယ်လိုကြောင့် ယုံကြည်ချက်အပြည့်မရှိတော့တာလဲလို့ လူတွေက ကျနော့်ကို မေးနိုင်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုရော အခု အခိုက်အတန့်မှာ သူ့ရဲ့ ယုံကြည်မှု အမြင့်ဆုံးမှာရှိနေတယ်လို့ ခင်ဗျားတို့ထင်လား”

“သူက ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် နှစ်ပေါင်းများစွာကြာအောင် ရပ်တည်ခဲ့သူပါ။ ဒါပေမယ့် အခု သူဖြစ်စေချင်တဲ့အတိုင်း မဖြစ်နေပါဘူး။ သေချာပေါက်ကို မတူညီပါဘူး။ ဒါမျိုးက ကျနော်တို့ အားလုံးမှာလည်း ဖြစ်တာပဲလေ။ မက်ဆီလည်း ပြီးခဲ့တဲ့ရာသီတုန်းက ပီအက်စ်ဂျီမှာ အရင်နဲ့တူခဲ့လို့လားဗျာ။ သေချာပေါက် မတူဘူးပေါ့။ ဒါတွေက ကျနော်တို့အတွက် တကယ်ကို အရေးပါတဲ့ကိစ္စတွေပါ”

“ဒီအတွက် ကျနော်တို့ လုပ်စရာရှိတာလုပ်ရပါမယ်။ သေးငယ်တဲ့အရာတွေကို တဆင့်ချင်းလုပ်ပြီး မှန်ကန်တဲ့လမ်းကြောင်းကို သွားရပါမယ်။ အချိန်အခါတခုရောက်တဲ့အခါ သေချာပေါက် ပြန်လာနိုင်ဖို့ အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ကျနော်တို့ အခု ဒီအတွက် လုပ်စရာရှိတာလုပ်နေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးဟာ ဒီကနေ့ညမှာ ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ရိန်းဂျားစ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ လီဗာပူးအနေနဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ အုပ်စုတွင်း အဓိကပြိုင်ဘက် နာပိုလီကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပွဲမှာတော့ အေဂျက်စ်ကို အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။ 

Share

Loading Next Article...
က္က