ပွဲမစခင် ကွင်းအပြင်မှာ ပရိသတ်တွေ လက်မှတ်ကိစ္စ ပြဿနာတက်ခဲ့တာကြောင့် ပွဲကစားချိန်ကို နာရီဝက်ကျော် နောက်ဆုတ်ခဲ့ရပါတယ်။ နှစ်သင်းလုံးကတော့ ဒဏ်ရာ၊ ပွဲပယ်ကင်းကင်းရှင်းရှင်းနဲ့ပဲ အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်ခဲ့ပါတယ်။ လီဗာပူးကတော့ ရီးရဲလ်မက်ဒရစ်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်က ခံစစ်ကိုလုံအောင်လုပ်၊ ဘန်ဇီမာနဲ့ ဗီနီရှပ်စ်တို့ရဲ့ တန်ပြန်တိုက်စစ်ကိုပဲ ဦးတည်ခဲ့ပါတယ်။
လီဗာပူးတိုက်စစ်ဆင်နေတဲ့အချိန်တွေမှာ ကော်တွိုက်စ်ကလွဲရင် ရီးရဲလ်မက်ဒရစ် ကစားသမားဆယ်ယောက်ရဲ့ကြားထဲ အကွာအဝေးက တော်တော်လေးကို ကျဥ်းမြောင်းခဲ့ပါတယ်။ လီဗာပူးကလည်း တိုက်စစ်အတွက် ကစားရခက်တဲ့ အနေအထားမှာတင် အခွင့်အရေးတွေလည်း အရဖန်တီးနိုင်ခဲ့ပါတယ်။
ဆာလာ၊ မာနေး၊ သီယာဂိုတို့ရဲ့ ကန်ချက်တွေကို ကော်တွိုက်စ် လက်စွမ်းပြ ကာကွယ်ခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ကတော့ ပထမပိုင်းမှာ ဂိုးပေါက်ခြိမ်းခြောက်မှုမရှိခဲ့ပါဘူး။ ပထမပိုင်းပြီးခါနီးမှာ ဘန်ဇီမာ တဂိုးသွင်းပေမယ့် အယ်လစ်ဆန်ရှေ့ရောက်နေတာကြောင့် ရော်ဘတ်ဆန်ကို ဂိုးသမား၊ ဗန်ဒိုက်ချ်ကို နောက်ဆုံးနောက်ခံလူအဖြစ် သတ်မှတ်လို့ လူကျွံခဲ့တာဖြစ်ပါတယ်။
ရော်ဘတ်ဆန်ဘက်ခြမ်းမှာ ဗယ်လ်ဗာဒီ ထောက်ထားခဲ့လို့ Overlap သိပ်မလိုက်နိုင်ခဲ့ပေမယ့် ညာခြမ်းက အာနိုးလ်ကတော့ Half Space တွေအထိ ဝင်ရောက်ပြီး တိုက်စစ်ကို ပူးပေါင်းပုံဖော်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း လီဗာပူးကပဲ တိုက်စစ်ကို ဆက်လက်အသားပေးကစားခဲ့ပါတယ်။
ဒါပေမယ့် တကယ်တမ်း ဂိုးရသွားခဲ့တာကတော့ ရီးရဲလ်မက်ဒရစ်ပါ။ ဗယ်လ်ဗာဒီရဲ့ ဖန်တီးပေးမှုကတဆင့် ဗီနီရှပ်စ်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းပြီး ရီးရဲလ်မက်ဒရစ်တို့ ဒီပွဲအတွက် တလုံးတည်းသော အနိုင်ဂိုးရရှိခဲ့ပါတယ်။ ဗီနီရှပ်စ်ကတော့ ဒီဂိုးကြောင့် (၂၀၀၉) မက်ဆီနောက်ပိုင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။
နောက်ပိုင်းမှာ လီဗာပူးက ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဆာလာရဲ့ ဂိုးဖြစ်နိုင်တဲ့ အပိုင်အခွင့်အရေးတွေကို ကော်တွိုက်စ်လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် ကစားပုံကလည်း တည်ငြိမ်ကျစ်လျစ်ခဲ့ပါတယ်။ ကလော့ပ်က ဂျိုတာ၊ ကီတာ၊ ဖေမီနိုတို့ကိုထည့်ပြီး အပြောင်းအလဲလုပ်ခဲ့ပေမယ့် ချေပဂိုးပြန်မသွင်းနိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရပါတယ်။
ဒီပွဲမှာမဖြစ်မနေ ချီးကျူးရမယ့် ရီးရဲလ်မက်ဒရစ် ကစားသမားကတော့ ကော်တွိုက်စ်ပဲဖြစ်ပါတယ်။ လီဗာပူးဘက်က ဆာလာရဲ့ အပိုင်အခွင့်အရေးတွေအပါအဝင် သေချာပေါက်ဂိုးဖြစ်နိုင်တဲ့ အခွင့်အရေး (၅) ကြိမ်ထက် မနည်းကို အကောင်းဆုံး အံ့အားသင့်ဖွယ် ကာကွယ်နိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အတွက်တော့ ဒါက (၁၄) ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားဖြစ်ခဲ့ပြီး သူတို့ရဲ့ ဒီရာသီ ဖြတ်သန်းလာတဲ့ လမ်းကြောင်းအရ ဒါက အကြွင်းမဲ့ထိုက်တန်တဲ့ ချန်ပီယံဆုလို့ဆိုရမှာပါ။ လီဗာပူးအတွက်ကတော့ (၂၀၁၈) က ရှုံးကြွေးကို အခု (၂၀၂၂) မှာ ထပ်တင်ခဲ့ရပြီး ကာဗာဟယ်လ်ပြောသလို ဆာလာနဲ့လီဗာပူးတို့ ဝန်ထုပ်ဝန်ပိုး ပိုဖြစ်ခဲ့ရပါပြီ။