ရီးရဲလ်မက်ဒရစ်ကို ကာရေဂါက ဝေဖန်ခဲ့တာပါ။

လီဗာပူးကစားသမားဟောင်း ကာရေဂါက ဒီကနေ့ည လီဗာပူးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ရင်ဆိုင်ရမယ့် ရီးရဲလ်မက်ဒရစ်က ချဲလ်ဆီးနဲ့မန်စီးတီးလောက်တောင် မကောင်းတဲ့အသင်းတသင်းလို့ ထိုးနှက်ပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တို့မှာ ချဲလ်ဆီးနဲ့မန်စီးတီးတို့ကို အသီးသီး ကျော်ဖြတ်ခဲ့တာပါ။



ဒီလိုမျိုး ရီးရဲလ်မက်ဒရစ်ရဲ့ အနေအထားနဲ့ပတ်သက်လို့ ကာရေဂါက “ကျနော် ဒီရာသီ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ပွဲတွေကို ကြည့်ခဲ့ပါတယ်။ သူတို့ရဲ့ ဒီရာသီ ချန်ပီယံလိဂ်ရှုံးပွဲအရေအတွက် လီဗာပူးရဲ့ ဒီရာသီ ပြိုင်ပွဲစုံရှုံးပွဲထက်တောင် ပိုများနေပါသေးတယ်။ ရီးရဲလ်မက်ဒရစ်က အရမ်းကောင်းတဲ့ အသင်းတသင်းပါ”

“ဒါပေမယ့် သူတို့က မန်စီးတီးနဲ့ချဲလ်ဆီးလောက်တောင် ကောင်းတယ်လို့ ကျနော်မထင်ပါဘူး။ အဲ့ဒီနှစ်သင်းလုံးကို သူတို့အနိုင်ယူခဲ့သည့်တိုင်အောင်ပေါ့။ စိတ်ဓာတ်၊ နိုင်လိုစိတ် ဒါတွေအားလုံးကို ခင်ဗျားစိတ်ကြိုက်လှည့်သုံးလို့ရပါတယ်။ ဒါပေမယ့် အဲ့ဒီပွဲတွေမှာ ရီးရဲလ်မက်ဒရစ်က အများကြီး ကံကောင်းခဲ့ပါတယ်”

“ခင်ဗျားအသင်းက ပွဲတိုင်းပွဲတိုင်းကို နောက်ဆုံးမိနစ်မှ အနိုင်ယူနိုင်တယ်ဆိုရင် ခင်ဗျားရဲ့ အသင်းက ပွဲချိန်ပြည့် ကောင်းမွန်တဲ့ခြေစွမ်းမရှိလို့ပါပဲ။ မန်စီးတီးက သူတို့ကို စုတ်ပြတ်သတ်သွားအောင် ဂိုးသွင်းနိုင်ခဲ့သင့်တာပါ။ သူတို့ရဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ကို ၆-၂ ဂိုးနဲ့ အိမ်ကွင်းမှာနိုင်သင့်ပါတယ်။ နောက်ပြီး ရီးရဲလ်မက်ဒရစ်က အိမ်ကွင်းမှာတင် ချဲလ်ဆီးကို သုံးဂိုးပြတ်ရှုံးသေးတာပါ”

“ရီးရဲလ်မက်ဒရစ်နိုင်သွားနိုင်တာလည်း ဟုတ်တာပေါ့။ ဒါပေမယ့် အခုက တပွဲတည်းကန်ရတော့မှာပါ။ လီဗာပူး ဒါမှမဟုတ် မန်စီးတီးက ရီးရဲလ်မက်ဒရစ်နဲ့တပွဲတည်းကန်ရတဲ့အနေအထားမှာ သူတို့ရဲ့ အကောင်းဆုံးပုံစံနီးနီးလောက်ပြနိုင်ရင်တောင် ရီးရဲလ်မက်ဒရစ်ကို အနိုင်ရနိုင်ပါတယ်။ ကျနော် ဒီစကားအတွက် ယုံကြည်ချက်ရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က