ဟာဇက် ရီးရဲယ်မက်ဒရစ်မှာ မပျော်ရွှင်တော့ဘူးလို့ ဘယ်လ်ဂျီယံနည်းပြက ပြောကြားလာတာပါ။

ဘယ်လ်ဂျီယံလက်ရွေးစင်နည်းပြ ရောဘတ်တိုမာတီနက်ဇ်က သူ့ကစားသမား ဟာဇက်အနေနဲ့ ရီးရဲယ်မက်ဒရစ်မှာ မပျော်ရွှင်တော့ဘဲ ဝမ်းနည်းကြေကွဲနေရပြီလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဟာဇက်ဟာ ပြီးခဲ့တဲ့ (၂၀၁၉) မှာ ချဲလ်ဆီးကနေ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့ကြေး ပေါင် (၈၈.၅) သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။



အဆိုပါ ဘယ်လ်ဂျီယံကစားသမားဟာ ရီးရဲယ်မက်ဒရစ်ကို အရောက်မှာတော့ ဒဏ်ရာနဲ့ကြံ့ခိုင်မှုပြဿနာတွေနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးမှာတော့ ပုံမှန်ခြေစွမ်းပါ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိရာသီ နည်းပြ အန်ဆယ်လော့တီလက်အောက်မှာလည်း ဟာဇက်တစ်ယောက် ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရပြီး လာလီဂါ (၁၂) ပွဲကစားပြီးချိန်မှာ (၄) ပွဲသာ ပွဲထွက်ခွင့်ရရှိထားတာပါ။

အန်ဆယ်လော့တီကိုယ်တိုင်က ဟာဇက်သာ အသင်းမှာဆက်မနေချင်ရင် ထွက်သွားလို့ရတယ်လို့ အရိပ်အမြွက်ပြောထားပြီး ဟာဇက်အနေနဲ့ လာမယ့်ဆောင်းရာသီမှာ အသင်းဟောင်း ချဲလ်ဆီးကို အငှားနဲ့ပြန်ပြောင်းဖို့ သတင်းတွေထွက်ပေါ်နေပါပြီ။ ဒီလိုအခြေအနေမျိုးမှာ ရော်ဘတ်တိုမာတီနက်ဇ်ကလည်း သူ့ကစားသမားရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အခုလိုပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရော်ဘတ်တိုမာတီနက်ဇ်က “ဟာဇက်က ရီးရဲယ်မက်ဒရစ်ကို ရောက်တဲ့အချိန်မှာ သူ့အတွက် အကောင်းဆုံး အခိုက်အတန့်ဖြစ်နေတာပါ။ ဒါပေမယ့် သူ အခု ဘောလုံးနဲ့ပတ်သက်လို့ ဝမ်းနည်းပူဆွေးနေရပြီး သူ့အတွက်လည်း ဒါက ပထမဆုံး အတွေ့အကြုံလည်းဖြစ်ပါတယ်။ သူက အောင်ပွဲတွေရဖို့အတွက် အမြဲတမ်း ဦးဆောင်ပေးနေရတဲ့ ကစားသမားပါ”

“ဒါပေမယ့် သူ အခုတော့ ဒီလိုအခန်းကဏ္ဍမျိုးမှာမရှိတော့ပါဘူး။ သူက အံ့အားသင့်ဖွယ်ကောင်းတဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်ပြီး အဲ့ဒီအရာက ဘယ်တော့မှ ပျောက်ဆုံးသွားမှာမဟုတ်ပါဘူး။ ခင်ဗျားတို့ သူ့ကို ယုံကြည်ထားဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲယ်မက်ဒရစ်ရဲ့ လက်ရှိတိုက်စစ်ပိုင်းမှာ ဗီနီစီယက်စ်နဲ့ဘန်ဇီမာတို့က အသင်းရဲ့ အဓိကဂိုးသွင်းတာဝန်ကို ရယူထားပြီး လာမယ့်အပြောင်းအရွှေ့တွေမှာလည်း ဟာလန်း၊ အမ်ဘာပေတို့လို ကစားသမားတွေကို ထပ်ခေါ်ဖို့ ပြင်ဆင်နေတာကြောင့် ဟာဇက်ရဲ့ ရီးရဲယ်မက်ဒရစ်ကစားသမားဘဝက မကြာခင် အဆုံးသတ်ဖို့ရှိနေပါပြီ။ 

Share

Loading Next Article...
က္က