ဇီဒန်း အင်္ဂလိပ်စာသင်နေပြီလို့ ပီတစ်က ပြောကြားခဲ့တာပါ။

ပြင်သစ်လူမျိုးနည်းပြ ဇီဒန်းဟာ လက်ရှိအချိန်မှာ အင်္ဂလိပ်စာကို သင်ယူနေပြီလို့ အာဆင်နယ်ဂန္တဝင် ပီတစ်က မီဒီယာတွေဆီ ဖွင့်ချခဲ့ပါတယ်။ ဇီဒန်းဟာ ရီးရဲယ်မက်ဒရစ်နဲ့ လမ်းခွဲပြီးနောက်ပိုင်း လက်ရှိအချိန်ထိ အသင်းသစ်မတွေ့သေးဘဲ အနားယူနေဆဲနည်းပြတစ်ယောက်ပါ။



ဇီဒန်းကို ခေါ်ယူဖို့ ယူနိုက်တက်ဘက်က စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း ဇီဒန်းက ယူနိုက်တက်ကို ကိုင်တွယ်ဖို့ ဆန္ဒမရှိဘဲ ပြင်သစ်လက်ရွေးစင် ဒါမှမဟုတ် PSG ကိုသာ ကိုင်တွယ်လိုတယ်လို့ အေးဂျင့်ကို ပြောကြားထားကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

မနေ့က နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ဇီဒန်းဟာ ယူနိုက်တက်နည်းပြ ရာထူးအတွက် တဖြည်းဖြည်း စိတ်ယိုင်လာပြီလို့ဆိုပြီး ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက ရီးရဲယ်မက်ဒရစ်မှာ သူနဲ့လက်တွဲဖူးတဲ့ ရော်နယ်ဒို၊ ဗာရန်းတို့ရှိနေခြင်း၊ သူ့စိတ်ကြိုက်ကစားသမား ပေါ့ဘာရှိနေခြင်းတို့ကြောင့်ဖြစ်တယ်လို့ သိရှိရပါတယ်။

အခုချိန်မှာလည်း ဇီဒန်း အင်္ဂလိပ်စာ သင်ယူနေတယ်ဆိုတာနဲ့ ပတ်သက်လို့ ပီတစ်က “ခင်ဗျားက ဘောလုံးအသင်းတစ်သင်းရဲ့ မန်နေဂျာတစ်ယောက်ဖြစ်ရင် မတူညီတဲ့ ဘာသာစကားတွေကို ပြောဆိုနိုင်ရမှာပါ။ ဇီဒန်းက ဘာသာစကားမျိုးစုံပြောနိုင်တာ ကျနော်သိပါတယ်။ ဒါပေမယ့် အင်္ဂလိပ်စာတော့ မပါ,ပါဘူး။ ကစားသမားတွေနဲ့ ဆက်သွယ်နိုင်ဖို့က အရေးကြီးပါတယ်”

“ဒီတော့ ယူနိုက်တက်လို အသင်းမျိုးကို ရောက်သွားပြီး အင်္ဂလိပ်လို မပြောတတ်ရင် ဒါက ပြဿနာကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ သူ မကြာခင်ကပဲ အင်္ဂလိပ်စာ သင်နေပြီဆိုတာ ကျနော့်ကို ပြောပြခဲ့ပါတယ်။ ဒီတော့ သူ့ရဲ့နည်းပြဘဝအတွက် ဒါက အရေးကြီးတယ်ဆိုတာကို သူသိထားတယ်ထင်ပါတယ်”

“ယူနိုက်တက်နဲ့သတင်းတွေလား? ကျနော်အရိုးသားဆုံးပြောရရင် မယုံပါဘူး။ ဇီဒန်းက နာမည်ကြီးတစ်ယောက်ဆိုပေမယ့် ပရီးမီးယားလိဂ်မှာ မကစားခဲ့ဖူးသလို အဲ့ဒီဘက်နဲ့လည်း အဆက်အသွယ်သိပ်မရှိတဲ့ပုံပါ။ အဲ့ဒါကြောင့် ကျနော်မယုံဘူးပြောတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က