မိဘတွေ စိတ်ချမ်းသာဖို့ ကျွန်တော်ကြိုးစားမယ်။

သရုပ်ဆောင်အိစိကွေးက လက်ရှိမှာတော့  Single ပါပဲလို့ ဖွင့်ပြောပြလာပါတယ်။ သူဟာ ဝါသနာပါတဲ့ အနုပညာအလုပ်နဲ့ မိဘနှစ်ပါးကို လုပ် ကျွေးပြုစုမယ်လို့ ပြောပါတယ်။ သူ့ မိဘတွေ စိတ်ချမ်းသာဖို့အတွက် စာကိုလည်း ကြိုးကြိုးစားစား လုပ်နေတယ်လို့ ဆိုပါတယ်။



 

မကြာခဏဆိုသလို အချစ်ရေးအကြောင်းသတင်းတွေ ထွက်တတ်တဲ့ သရုပ်ဆောင် အိစိကွေးက အခုလက်ရှိမှာတော့ Single ပါပဲတဲ့။ သူ့ရဲ့ အချစ်တွေက သူ့ရဲ့ ပရိသတ်တွေပဲ ပိုင်သေးတယ်လို့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ကြွေရုပ်ရှင် ဇာတ်ကား အထူးပြပွဲကို တက်ရောက်လာရင်း ဖြေကြားခဲ့ပါတယ်။

'' အိစိရဲ့အချစ်ရေးကတော့ အခုတစ်ယောက်တည်းပါပဲ။ အိစိရဲ့ အချစ်တွေကို ပရိသတ်တွေကလွဲလို့ ဘယ်သူ့ကိုမှ မပေးချင်သေးလို့ပါ။ ချစ်သူ မထားသေးဘူးဆိုတာကလည်း အလုပ်ကိုပိုပြီးတော့ အချိန်ပေးချင်တယ်။ ဒီဟာအတွက်ကို အချိန်ကုန်သွားမယ့်အစား အလုပ်လုပ်လိုက်လို့ အများကြီးဖြစ်သွားတာပဲ လိုချင်တာပေါ့'' လို့ဆိုပါတယ်။

Photo: အိစိကွေးဖေ့စ်ဘွတ်

 

မိဘနှစ်ပါးနဲ့ ချစ်သူ ကို ရွေးရမယ်ဆိုရင်တော့ အိစိကွေးက မိဘနှစ်ပါးကို ရွေးချယ်မှာပါတဲ့။ အနုပညာအလုပ်တွေနဲ့ မိဘကို လုပ်ကျွေးပြုစုမယ့် သရုပ်ဆောင် ချောချောလေး အိစိကွေးက အခုဆိုရင် အနုပညာအလုပ်တွေလည်း လုပ်နေသလို စာလည်း ကြိုးစားနေတယ်ဆိုပြီးတော့ Duwun ပရိသတ်ကို ပြောပြခဲ့ပါတယ်။

''  အိစိရဲ့ မိဘတွေကလည်း အသက်ကြီးပြီလေ၊ ဘယ်လိုပဲပြောပြော ကိုယ့်သားသမီးကိုကောင်းတာပဲ မြင်စေချင်တယ်။ မိဘဆိုတာ အစားထိုး လို့ မရဘူး၊ ရည်းစားဆိုတာ ဘယ်အချိန်ထားထား ထားလို့ရတယ်။ အခုတော့ မိဘတွေစိတ်ချမ်းသာအောင် အလုပ်ကို ကောင်းကောင်းကြိုးစား နေတယ်။ စာကိုသေချာပြန်လုပ်နေတယ်'' လို့ သူကပြောပါတယ်။

လူကြီးတစ်ယောက်လို မြင်ပေးပါလို့ ပရိသတ်တွေကို တောင်းဆိုလိုက်တဲ့ အိစိကွေး  

အသက် ၄ နှစ်ခွဲအရွယ်ကတည်းက သရုပ်ဆောင်အလုပ် လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။ သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။

Photo: အိစိကွေးဖေ့စ်ဘွတ်

 

ကလေးသရုပ်ဆောင်ကနေ အခုဆိုရင် ဇာတ်ဆောင်မင်းသားနေရာက ဇာတ်ကားတွေ ရိုက်ကူးနေရပြီဖြစ်တဲ့ အိစိကွေးက သူ့အတွက် စိန်ခေါ်မှုတွေ အများကြီးနဲ့ ကြုံတွေ့နေရပါတယ်တဲ့။ ပရိသတ် အားပေးရ ကျိုးနပ်အောင်လည်း ထပ်ကြိုးစားသွားဦးမယ်လို့ သိရပါတယ်။ ကျောင်းပညာရေးကို ဦးစားပေးနေရတဲ့ သူ့အနေနဲ့ အနုပညာအလုပ်တွေကို တဖြည်းဖြည်းနဲ့ ဆက်လုပ်နေဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က