အခုဆို သမီးလေးက ပြင်တတ်၊ ဆင်တတ်လာတယ်။
မေမေခိုင်သင်းကြည်နဲ့ သမီးလေး စံထိပ်ထားဦးတို့ကိုတော့ အကယ်ဒမီပေးပွဲမှာလည်း ဒီဇိုင်းကွဲပေမယ့် အရောင်ဆင်တူဝတ်စုံလေးတွေနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ ဆင်တူဖက်ရှင်လေးတွေ ဝတ်ဖြစ်ခဲ့တဲ့အကြောင်းကို ခိုင်သင်းကြည်က ပြောပြလာပါတယ်။
Photo: Khine Thin Kyi

သရုပ်ဆောင် ခိုင်သင်းကြည်နဲ့ သမီးလေး စံထိပ်ထားဦးတို့ သားအမိနှစ်ယောက်ကတော့ သမီးမွေးထားတဲ့ မိခင်တွေ အတွက် အားကျရသူတွေဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာလည်း သူတို့ သားအမိနှစ်ယောက်ရဲ့ ဖက်ရှင်လေးတွေ ဆင်တူဖြစ်လာတဲ့အပေါ် ခိုင်သင်းကြည်က မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။



‘’အရင်တုန်းကကျတော့ ကလေးက အရမ်းငယ်သေးတယ်လေ။ ငယ်ငယ်တုန်းကတော့ ကလေးကိုပြောကြတာ မခံချင်တော့ စိတ်ညစ်ပြီး မဝတ်တော့ဘူး။ ဒါပေမယ့်လည်း သားအမိတွေဆိုတော့ မဝတ်ပဲတော့လည်း မနေနိုင်ဘူးပေါ့နော်။ အခုဆို သမီးလေးကလည်း ပြင်တတ်ဆင်တတ်လာပြီဆိုတော့ အတူတူဝတ်ဖြစ်သွားတယ်’’ လို့ ဆိုပါတယ်။ 

Photo: Khine Thin Kyi

မေမေ ခိုင်သင်းကြည်နဲ့ သမီးလေး စံထိပ်ထားဦးတို့ကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာလည်း ဖက်ရှင်ပုံစံ ဆင်တူတာလေး ဝတ်ဖြစ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သမီးလေးကိုတော့ ပေါ့ပေါ့ပါးပါး ဒီဇိုင်းလေးနဲ့သာ ပွဲတက်စေချင်တဲ့အကြောင်း ပြောပြလာပါတယ်။

‘’ နည်းနည်းလေးတော့ ကွဲမလား မသိဘူး။ သူ့ကိုတော့ လူငယ်ဆန်ဆန်ဝတ်စေချင်တယ်။ အစ်မကတော့ လူကြီးဆန်ဆန်ပဲ ဝတ်ဖြစ်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အစ်မတို့ကျတော့ လူကြီးဆန်ဆန် ဗမာပုံစံမျိုးတက်ရမယ်။ ကလေးကျတော့ အနုပညာရှင်ကြီး သီးသန့်လည်း မဟုတ်သေးတော့ ပေါ့ပေါ့ပါးပါးဝတ်ဖြစ်မယ်ပေါ့နော်’’ လို့ ‘’ဗျစ်ရည်ဆိုင်စောင့်တဲ့ ဘီလူး’’ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Khine Thin Kyi

စံထိပ်ထားဦးကို ချစ်ခင်အားပေးလာကြတဲ့ ပရိသတ်တွေကတော့အများကြီးပါ။ ဒါပေမယ့်လည်း မေမေ ခိုင်သင်းကြည်ကတော့သရုပ်ဆောင် မလုပ်ခိုင်းချင်သေးဘူးလို့ ဆိုပါတယ်။

‘’ကိုယ်ကတော့ မလုပ်စေချင်သေးဘူး။ ဒါပေမယ့် ဘာမှတော့ မပြောပြတတ်သေးဘူး ကိုယ်တောင်မှ အဖေတားတဲ့ကြားက ဖြစ်လာသေးတာပဲ။ အဲဒီတော့ သူကလည်း ဝါသနာတော့ပါတယ်။ သမီးရဲ့ သဘောထားကို ပေးကြည့်လိုက်ဦးမယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: Khine Thin Kyi

ခိုင်သင်းကြည်ဟာ အနုပညာသက်တမ်း နှစ် ၂၀ ကျော်လို့ နှစ် ၃၀ ကိုရောက်ရှိတော့မှာပါ။ သူမရဲ့ အနုပညာမှတ်တိုင် တစ်ခုအနေနဲ့ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ‘’စုန်းပြူး’’ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့တာဖြစ်ပါတယ်။ နောက်ထပ်လည်း ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို 'ကောင်းကျိုးကိုယ်၌ တည်စေမင်း' ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် ထပ်မံရရှခဲ့ပါတယ်။ သူမဟာ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာအလုပ်တွေ ဆောင်ရွက်ခဲ့သူပါ။ 


ဆက်စပ်အကြောင်းအရာများ



က္က