သူက ကလေးလေးလိုပဲ။

မေသန်းနုကတော့ အမေနဲ့တွေ့ရင်ကလေးဆန်တတ်တဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်အကြောင်းတွေ ပြောပြလာပါတယ်။ သားလေးဟာ မကြာသေးခင်ကမှ ဖခင်ဖြစ်သူဆီက အမွေရထားသေးတယ်လို့ ဆိုပါတယ်။

Photo: May Than Nu



သရုပ်ဆောင်မေသန်းနုကတော့ ဖခင်ဆီက အမွေအကုန်လုံးရရှိခဲ့တဲ့ သားဖြစ်သူ မင်းသန့်မောင်မောင် အကြောင်းတွေ ပြောပြလာပါတယ်။ ဖခင်ဖြစ်သူရဲ့ အမွေပစ္စည်းတွေကို ထိန်းသိမ်းဖို့အတွက် သားက ငယ်တော့ ငယ်သေးတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကလေးက ဒီအလုပ်လည်း လုပ်နေပြီဆိုတော့ သူလည်း ကျန်းမာရေးလည်း သိပ်မကောင်းဘူး အသက်လည်း နည်းနည်းရလာပြီဆိုတော့ သူ့သားကို ဒါတွေ အကုန်လုံး ပေးချင်တယ်ပေါ့နော်။ ပညာအမွေရော ပစ္စည်း အမွေတွေရော သူပေးချင်တာပေါ့နော်။ မင်းသန့်က ငယ်သေးတယ်ဆိုပေမယ့် ငယ်ငယ်ကြီးကြီး သူ ဒီလမ်းကို လျှောက်ရမှာပဲလေဆိုတော့ တာဝန်တော့ ပိုကြီးသွားတာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: May Than Nu

မင်းသန့်မောင်မောင်ဟာ အမွေ ပစ္စည်းနဲ့ ပတ်သက်လို့လည်း ဘာခံစားချက်မှ မထားတတ်ဘူးလို့ မိခင်ဖြစ်သူ မေသန်းနုက ပြောပါတယ်။

‘’ သူကတော့ ပေးတာ ယူတာတွေ သူ့ခေါင်းထဲ ဘာမှ မရှိဘူး။ ပစ္စည်းအနေအထားတွေလည်း ဘာမှ မသိဘူး။ ရှင်းရှင်းပြောရရင် ပစ္စည်းတန်ဖိုး၊ အမွေ သူဘာမှ သိပ်နားမလည်ဘူးပေါ့နော်။ သူကတော့ ရိုးရိုးပဲနေတာ။ သူ့ဘေးနားမှာ သူ့အဖေလည်းရှိနေတာပဲ၊ ပြီးတော့ အသိုင်းအဝိုင်းတွေလည်း အများကြီးရှိနေတာပဲ။ ဒီဘက်မှာဆိုရင်လည်း မဆင့် ရှိနေတာပဲလေ’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၂ ရက်နေ့ ညက ‘’သုံးယောက်ပေါင်း လောင်းကျော်’’ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: May Than Nu

မေသန်းနုကတော့ သားနဲ့ အတူတူ ကုန်ဆုံးဖြစ်တဲ့ အချိန်တွေ၊ အမှတ်တရတွေကို ပြောပြလာပါတယ်။ ကလေးဆန်နေသေးတဲ့ သားလေးကို အခုချိန်ထိ ထမင်းခွံကျွေးနေရတုန်းပါတဲ့။

‘’ အမေနဲ့ ကျတော့ သူက ကလေးဖြစ်သွားရော၊ အဖေနားမှာသာ သူ ဇာတ်ညွှန်းတွေလုပ်ရတယ်လေ။ ပေါင်းတဲ့လူတွေ အသိုင်းအဝိုင်းက လူကြီးတွေ များတယ်။ အဲဒီအခါကျတော့ အလုပ်လုပ်တဲ့ အချိန်မှာ သူက တည်ငြိမ်တာပေါ့နော်။ အမေ အနားရောက်လာတော့ သူက ကလေးပြန်ဖြစ်သွားတယ်။ ထမင်းက အစ ခွံကျွေးနေရသေးတယ်။ လူလစ်ရင်သူက ဂိမ်းဆော့တာ။ ဂိမ်းဆော့နေရင် ထမင်းမစားဘူး၊ မုန့်မစားဘူး အတင်း ထိုးထည့်နေမှ သူက စားတာ။ ဒါမှ မဟုတ်ရင် ထကိုမစားတာ’’ လို့ သူကဆိုပါတယ်။

Photo: May Than Nu

သရုပ်ဆောင် မေသန်းနု(May Than Nu)ဟာ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုများနဲ့ ရပ်တည်နိုင်ခဲ့ပြီး အခုချိန်ထိလည်း ပရီသတ်အားပေးမှုရနေတဲ့ သရုပ်ဆောင်တစ်ဦးပါ။ မေသန်းနုကို သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကနေ ပရိသတ်တွေ စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ၁၉၉၂ ခုနှစ်မှာ “မူပိုင်ချစ်သူ”၊ ၁၉၉၅ ခုနှစ်မှာ ”ပုဂံမှာသာတဲ့လ”၊ ၁၉၉၆ ခုနှစ်မှာ “အလင်းဖျော့ကောင်းကင်”၊ ၂၀၀၁ ခုနှစ်မှာ ”ချစ်ခြင်း၏အခြားမဲ့၌" ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုများ ရရှိခဲ့သလို ၂၀၀၂ ခုနှစ်မှာလည်း "ငါသူတစ်ပါးယောကျ်ားမိန်းမ" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထပ်မံရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က