ဇူလိုင်လ ဒုတိယပတ်အတွင်း COVID-19 ကူးစက်ခံရပြီး ဆေးရုံတက်ရောက်ခဲ့ရပါတယ်။

ဘောလိဝုဒ်စတား မင်းသားကြီး အမီတာဘချန်းဟာ COVID-19 ကုသမှုခံယူခဲ့ပြီးနောက် ပြန်လည်သက်သာလာခဲ့ကာ ဆေးရုံမှဆင်းခဲ့ပြီလို့ သိရပါတယ်။

အသက် ၇၇၇ နှစ်အရွယ် မင်းသားကြီးဘချန်းနဲ့ ၎င်းရဲ့သားဖြစ်သူ မင်းသား အဘီရှက်ဘချန်းတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်အတွင်း COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် ဆေးရုံတက်ရောက်ခဲ့ရပါတယ်။ ယနေ့ (ဩဂုတ် ၂ ရက်) မှာတော့ ၎င်းထံမှာ COVID-19 မရှိတော့ကြောင်း စစ်ဆေးမှုအဖြေထွက်ခဲ့ပြီးနောက် ဆေးရုံမှဆင်းခဲ့ပြီလို့ မင်းသားကြီးဘချန်းက ပြောပါတယ်။



၎င်းအတွက် ဆုတောင်းပေးကြတဲ့ ပရိသတ်များနဲ့ တက်ရောက်ကုသမှုခံယူခဲ့တဲ့ မွမ်ဘိုင်းမြို့ရှိ Nanavati ဆေးရုံမှ ဝန်ထမ်းများရဲ့ အကောင်းဆုံး ပြုစုစောင့်ရှောက်မှုအတွက် မင်းသားကြီးက ကျေးဇူးတင်ခဲ့ပါတယ်။ ဘချန်းရဲ့သားဖြစ်သူ အသက် ၄၄ နှစ်အရွယ် မင်းသား အဘီရှက်ကတော့ COVID-19 စစ်ဆေးတွေ့ရှိရဆဲဖြစ်ပြီး ဆေးရုံမှာ ဆက်လက်ကုသမှုခံယူနေပါတယ်။

(သားဖြစ်သူ အဘီရှက်၊ မြေးမလေး Aaradhyaနဲ့ ဘချန်း) (Photo: Times of India)

မင်းသားကြီးဘချန်းရဲ့ ချွေးမနဲ့ မြေးမဖြစ်သူ (အဘီရှက်ရဲ့ ဇနီးနဲ့သမီး) တို့လည်း COVID-19 ကူးစက်ခံခဲ့ရပြီး ဆေးရုံတက်ကုသမှု ခံယူခဲ့ရပါတယ်။ မင်းသားအဘီရှက်ရဲ့ ဇနီးဖြစ်သူ ကမ္ဘာ့အလှမယ်ဟောင်းနဲ့ ဘောလိဝုဒ်စတား မင်းသမီး အသက် ၄၆ နှစ်အရွယ် အက်ရှ်ဝါရာရိုင်းဘချန်းနဲ့ သမီး Aaradhya တို့ကတော့ ဇူလိုင်လကုန်ပိုင်းမှာ COVID-19 မတွေ့ရတော့ဘဲ ဆေးရုံမှဆင်းကာ နေအိမ်မှာ အသွားအလာကန့်သတ် နေထိုင်လျက်ရှိတယ်လို့ ဆိုပါတယ်။

မင်းသားကြီးဘချန်းဟာလည်း ဆေးရုံမှဆင်းပြီးနောက် နေအိမ်မှာပင် ဆက်လက် နေထိုင်နေမှာဖြစ်ပါတယ်။ ဘချန်းဟာ ရုပ်ရှင်နယ်ပယ်ကို ၁၉၆၉ ခုနှစ်မှာ စတင်ခြေချခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ ကျော် ရိုက်ကူးခဲ့ပါတယ်။ ဘချန်းဟာ Zanjeer နဲ့ Sholay ဇာတ်ကားများနဲ့အတူ ပရိသတ်များကြား အကြီးအကျယ် အားပေးမှုရခဲ့ပြီး အိန္ဒိယ၊ တောင်အာရှဒေသနဲ့ အိန္ဒိယလူမျိုးများ ရွှေ့ပြောင်းအခြေချ နေထိုင်ကြတဲ့ ဗြတိန်အပါအဝင် နိုင်ငံတွေမှာပါ ကျော်ကြားခဲ့ပါတယ်။

(အက်ရှ်ဝါရာရိုင်း မိသားစု) (Photo: Hindustan Times)

မင်းသားကြီးဘချန်းဟာ ၁၉၇၀ ပြည့်လွန်နှစ်များမှာ အောင်မြင်ကျော်ကြားလာခဲ့ပြီး ရုပ်ရှင်နဲ့ပတ်သက်တဲ့ ထူးချွန်ဆု ၁၉ ခုထက်မနည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်နိုင်ငံကလည်း ဘချန်းကို ရုပ်ရှင်လုပ်ငန်းမှာ ၎င်းရဲ့ပါဝင်ဆောင်ရွက်မှုအတွက် အရပ်သားများကို ရွေးချယ်ပေးအပ်တဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ' Legion of Honour' ဆု ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယမှာ လတ်တလော COVID-19 ကူးစက်မှုတွေ မြင့်တက်နေပြီး ကမ္ဘာတစ်ဝန်း တတိယမြောက် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပါတယ်။

(COVID-19 ကူးစက်ခံရသည့် ပြည်ထဲရေးဝန်ကြီး Amit Shah) (Photo: Reuters)

လက်ရှိအချိန်အထိ အိန္ဒိယမှာ ကူးစက်ခံရသူ ၁.၇ သန်းကျော်နဲ့ သေဆုံးသူ ၃၇,၀၀၀ ကျော်ရှိခဲ့ပါတယ်။ အိန္ဒိယရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့ဟာ ကူးစက်မှုဖြစ်ပွားမှု အဆိုးဆုံးနေရာ ဖြစ်ပါတယ်။ သို့သော် အင်ဒရာပရာဒက်ရှ်၊ တီလန်ဂါနာနဲ့ အာဆမ်တို့မှာလည်း ကူးစက်မှုတွေ လျင်မြန်စွာ မြင့်တက်နေတယ်လို့ ဆိုပါတယ်။ ထိုအတောအတွင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah ဟာ COVID-19 ကူးစက်ခံခဲ့ရပြီး ဆရာဝန်တွေရဲ့ အကြုံပေးမှုအရ ဆေးရုံတက်ကုသမှုခံယူနေကြောင်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က