ပရိသတ်ကိုလည်း ကျန်းမာရေး ဂရုစိုက်ဖို့ ပြောပြလာပါတယ်။
Sabal Thwin

သရုပ်ဆောင် ရန်အောင်ကတော့ COVID-19 ကူးစက်မှု မဖြစ်ပွားအောင် ဂရုတစိုက်နေထိုင်ဖို့ အခုလို ပြောပြလာပါတယ်။ 

COVID-19 နဲ့ ပတ်သက်ပြီး အနုပညာရှင်တွေကလည်း သူတို့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကို ကျန်းမာရေး ဂရုစိုက်ကြဖို့ မှာနေကြတဲ့အချိန်မှာ အကယ်ဒမီရန်အောင်ကလည်း ဒီရောဂါ အမြန်ဆုံး ပျောက်ကင်းဖို့ ဆေးဝါးတွေ ပေါ်ပေါက်လာစေချင်တယ်လို့ ဆိုပါတယ်။ 



"ဗိုင်းရပ်စ် ရဲ့သဘောသဘာဝ ကိုသိပြီးတဲ့နောက် ကာကွယ်တဲ့နည်းထဲမှာ ဒီနည်းတွေက အလွယ်တကူနဲ့ လူတိုင်းအတွက် ထိရောက်လိမ့်မယ်လို့ ယူဆမိပါတယ်။ကြားကြားသမျှ လုပ်တတ်ကြတာကျွန်တော်တစ်ယောက်ထဲလား၊မတဲ့တာတွေ ကြိတ်သောက်မိရင် ၂ခါနာမယ်။ ကောက်ရိုး တစ်မျှင် ကိုအားကိုးတကြီး ဆွဲကြရတဲ့ကျွန်တော်တို့အဖို့ တွယ်ဖက်ကြည့်ကြအုံးစို့။ အခုတလော သောက်ရတာတွေများလာတော့ လူတိုင်းနဲ့ အဆင်မပြေလောက်ပါဘူး။ ကာကွယ်ဆေးအမြန်ဆုံးပေါ်လာပါစေ.." ဆိုပြီးတော့ မတ်လ ၂၉ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

လက်ရှိမှာတော့ COVID-19 ကူးစက်ခံရသူ (၁၀) ဦးရှိပြီး ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ နေရာအနှံ့ ပိုးသတ်ဆေးတွေ လိုက်လံ ဖြန်းပက်နေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် လူစု လူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ Star Awards ဆုချီးမြှင့်ပွဲ၊ Sai Sai Birthday Show အပြင် နောက်ထပ် ဂီတ ဖျော်ဖြေပွဲများ၊ စာနယ်ဇင်းမိတ်ဆက်ပွဲတွေလည်း ရက်တွေ ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲများ၊ ရှင်ပြု အလှူများ နဲ့ လူစုလူဝေးဖြစ်စေမယ့် အရာမှန်သမျှကိုလည်း မကျင်းပဖို့ သက်ဆိုင်ရာက တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။ အနုပညာရှင်များ အနေနဲ့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတယ်လို့ ပြောလာပါတယ်။  

ရန်အောင်ကို ကိုရန်လေးဆိုပြီးတော့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်ခြင်းကို ခံရတဲ့ ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ၁၉ ၉ ၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ ဇာတ်ဆောင်အကယ်ဒမီများ ရရှိထားသူ ဖြစ်ပါတယ်။




Author

  • Sabal Thwin

    Entertainment Reporter


က္က