၂၀၂၀ ခုနှစ် ဧပြီလအတွင်း ရုံတင်မှာပါ။

ရုပ်ရှင်ပရိသတ်များ ကာလရှည်ကြာ စိတ်ဝင်တစား စောင့်ဆိုင်းနေခဲ့ကြတဲ့ James Bond ဇာတ်ကားသစ်အမည်ကို ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

(Photo: @007/Twitter)

James Bond ဇာတ်ကားတွဲရဲ့ ၂၅ ခုမြောက် ဇာတ်ကားကို No Time To Die လို့ အမည်ပေးထားကြောင်း တရားဝင် James Bond Twitter အကောင့်မှာ အင်္ဂါနေ့ (သြဂုတ် ၂၀ ရက်) က ထုတ်ပြန်လိုက်ပါတယ်။ အသစ်ထွက်ရှိလာမယ့် James Bond ဇာတ်ကားဟာ မင်းသား ဒန်နီရယ်ခရိတ်ဂျ်က ဂျိမ်းစ်ဘွန်းအဖြစ် ပါဝင်သရုပ်ဆောင်တဲ့ ငါးခုမြောက်နဲ့ နောက်ဆုံးဇာတ်ကားလည်း ဖြစ်ပါတယ်။


(Photo: Universal)

Bohemian Rhapsody ဇာတ်ကားဖြင့် အော်စကာဆုရရှိခဲ့တဲ့ မင်းသား ရာမီမာလက်ခ်ကိုလည်း ပဟေဠိဆန်တဲ့ ဗီလိန်ဇာတ်ကောင်အဖြစ် James Bond ဇာတ်ကားသစ်မှာ မြင်တွေ့ကြရမှာပါ။ James Bond ဇာတ်ကားသစ်မှာ ဂျိမ်းစ်ဘွန်းရဲ့ အေးဂျင့်နံပါတ် 007 ကို လွှဲပြောင်းရထားထားတဲ့ လူမည်းအမျိုးသမီးအေးဂျင့် နိုမီ (Nomi) အဖြစ် ဗြိတိန်မင်းသမီး လက်ရှ်ဟန်နာလင့်ချ် (Lashana Lynch) က ပါဝင်သရုပ်ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။

(Photo: Universal)

No Time To Die ကို ဒါရိုက်တာ Cary Fukunaga က ရိုက်ကူးပြီး Phoebe Waller-Bridge က ဇာတ်ညွှန်းရေးသားထားပါတယ်။ ၂၅ ခုမြောက် James Bond ရုပ်ရှင်ဇာတ်လမ်းမှာ ဂျိမ်းစ်ဘွန်းက MI6 ကနေ အနားယူသွားပြီး ဂျမေကာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဇာတ်ဝင်ခန်းဖြင့် စတင်ထားတယ်လို့ ဆိုပါတယ်။

(Photo: Getty Images)

James Bond ရဲ့ တရားဝင် Twitter မှာ ထုတ်ပြန်ကြေညာထားမှုအရ No Time To Die ဇာတ်ကားသစ်ကို ဗြိတိန်မှာ ၂၀၂၀ ခုနှစ် ဧပြီ ၃ ရက်နဲ့ အမေရိကန်မှာ ၂၀၂၀ ခုနှစ် ဧပြီ ၈ ရက်တို့မှာ စတင်ပြသသွားမယ်လို့ သိရပါတယ်။ နာမည်ကြီး James Bond ဇာတ်ကားတွဲတွေကို ၁၉၆၂ ခုနှစ်မှာ Dr. No ဇာတ်ကားအမည်ဖြင့် စတင်ရိုက်ကူး ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က