၁၃ ပတ်မြောက် ရုံတင်ပြသခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်း ရုံဝင်ကြေးအများဆုံး ဖြစ်လာခဲ့ပါတယ်။

Marvel Studios က ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Aengers: Endgame ရုပ်ရှင်ဇာတ်ကားက ယနေ့ (ဇူလိုင် ၂၁ ရက်) မှာ ကမ္ဘာတစ်ဝှမ်း ရုံဝင်ကြေးအများဆုံး ဇာတ်ကားအဖြစ် Box Office စာရင်းရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့ပါတယ်။

(Endgame ဇာတ်ဝင်ခန်းတစ်ခု) (Photo: Marvel Studios)

ယခုနှစ် ဧပြီလအတွင်း စတင်ရုံတင်ပြသခဲ့တဲ့ Endgame က ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၂.၇၈၉ ဘီလီယံဖြင့် Box Office ကို ဦးဆောင်နေခဲ့တဲ့ Avatar ဇာတ်ကားကို ဖြတ်ကျော်ပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်လာနိုင်ခဲ့ပါတယ်။

Endgame ဇာတ်ကားက ရုံဝင်ကြေးအများဆုံးအဖြစ် Box Office စာရင်းရဲ့ နံပါတ်တစ်နေရာကို ရောက်ရှိလာတော့မယ်လို့ ယမန်နေ့ (ဇူလိုင် ၂၀ ရက်) ကတည်း ဇာတ်ကားဖြန့်ချိခဲ့တဲ့ Walt Disney ကုမ္ပဏီက ထုတ်ပြန်ပြောကြားထားခဲ့ပါတယ်။ Endgame ဟာ စတင်ရုံတင်ခဲ့စဉ်ကလည်း ကမ္ဘာတစ်ဝှမ်း ရုံဝင်ကြေး ဒေါ်လာ ၁ ဘီလီယံကျော်ကို အမြန်ဆုံးရရှိခဲ့တဲ့ ဇာတ်ကားအဖြစ်လည်း Box Office သမိုင်းမှာ စံချိန်သစ်တင်ထားခဲ့ပါသေးတယ်။

(Avatar ဇာတ်ဝန်ခန်းတစ်ခု) (Photo: Variety)

Endgame ဇာတ်ကားဟာ စတင်ရုံတင်အပြီး ငါးရက်အတွင်းမှာ ကမ္ဘာတစ်ဝှမ်း ရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ရရှိခဲ့တာ ဖြစ်ပါတယ်။ ယခုသီတင်းပတ် အပါအဝင် ၁၃ ပတ်မြောက် ရုံတင်ပြသခဲ့ပြီးနောက် Avengers: Endgame ဇာတ်ကားက ကမ္ဘာတစ်ဝှမ်း ရုံဝင်ကြေး ဒေါ်လာ ၂.၇၉၀ ဘီလီယံ ရရှိခဲ့ကာ Box Office စာရင်းရဲ့ နံပါတစ်နေရာကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်း ရိုက်ကူးတဲ့ Avatar ဇာတ်ကားက ကမ္ဘာတစ်ဝှမ်း ရုံဝင်ကြေးအများဆုံးအဖြစ် Box Office စာရင်းရဲ့ထိပ်ဆုံးမှာ ၁၀ နှစ်ကြာ ရပ်တည်နိုင်ခဲ့ကြောင်း CNN သတင်းမှာ ဖော်ပြပါတယ်။ Avatar ဇာတ်ကားသစ်တွေအဖြစ် နောက်ထပ်လေးကား ရိုက်ကူးထုတ်လုပ်ရန် စီစဉ်ထားပြီး ၂၀၂၁၊ ၂၀၂၃၊ ၂၀၂၅ နဲ့ ၂၀၂၇ ခုနှစ် ဒီဇင်ဘာလတွေမှာ အသီးသီး ရုံတင်ပြသွားမယ်လို့ မျှော်လင့်ရပါတယ်။

(ရန်ကုန်မှာတွေ့ရသည့် Advengers: Endgame ပရိသတ်များ)

ဒါရိုက်တာ Anthony Russo နဲ့ Joe Russo တို့ ရိုက်ကူးခဲ့တဲ့ Endgame က Marvel Cinematic Universe (MCU) ဇာတ်ကားတွဲတွေရဲ့ ၂၂ ခုမြောက် ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers၊ ၂၀၁၅ ခုနှစ်က Avengers: Age of Ultron နဲ့ ယမန်နှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ Avengers: Infinity War ဇာတ်ကားတွေရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်ပါတယ်။ ကြာမြင့်ချိန် ၃ နာရီနဲ့ ၂ မိနစ်အထိရှိတဲ့ Avengers: Endgame ဇာတ်ကားရဲ့ ရိုက်ကူးထုတ်လုပ်မှု ကုန်ကျစရိတ်ကတော့ ဒေါ်လ ၃၅၆ သန်းဖြစ်ကြောင်း သိရပါတယ်။

(Avengers: Endgame ပိုစတာ) (Photo: Reuters)

Endgame ဇာတ်ကားမှာ ရောဘတ်ဒေါင်နေး ဂျူနီယာ၊ ခရစ်ဟမ်းဆော့၊ စကားလက်ဂျိုဟန်ဆန် အစရှိတဲ့ နာမည်ကြီး သရုပ်ဆောင်တွေက စူပါဟီးရိုးတွေအဖြစ် ပါဝင်ထားပြီး ဂျို့စ်ဘရိုလင်း သရုပ်ဆောင်တဲ့ ဗီလိန်ဇာတ်ကောင် လူထွားကြီး သာနို့စ်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားပါတယ်။

Endgame ကို မြန်မာနိုင်ငံမှာလည်း ဧပြီ ၂၆ ရက်မှာ ပထမဆုံး ရုံတင်ပြသခဲ့ရာ ကြည့်ရှုသူများပြီး Facebook မှာလည်း စိတ်ဝင်တစား ပြောဆိုမှုတွေ အများအပြားရှိခဲ့ပါတယ်။ ရုံဝင်ကြေးအများဆုံးဖြင့် Box Office စာရင်းရဲ့ ထိပ်ဆုံး ၁၀ နေရာမှာ ရပ်တည်နေတဲ့ ဇာတ်ကားတွေထဲမှာလည်း Avengers ဇာတ်ကားတွဲ ဇာတ်ကားလေးခုလုံး ပါဝင်နေတာ တွေ့ရပါတယ်။

ရုံဝင်ကြေးအများဆုံး Box Office ထိပ်ဆုံးစာရင်းဝင် ဇာတ်ကား ၁၀ ကား

၁။ Avengers: Endgame (၂၀၁၉ ခုနှစ်) - ဒေါ်လာ ၂.၇၉၀ ဘီလီယံ

၂။ Avatar (၂၀၀၉ ခုနှစ်) - ဒေါ်လာ ၂.၇၈၉ ဘီလီယံ

၃။ Titanic (၁၉၉၇ ခုနှစ်) - ဒေါ်လာ ၂.၁၈၇ ဘီလီယံ

၄။ Star Wars: The Force Awakens (၂၀၁၅ ခုနှစ်) - ဒေါ်လာ ၂.၀၆၈ ဘီလီယံ

၅။ Avengers: Infinity War (၂၀၁၈ ခုနှစ်) - ဒေါ်လာ ၂.၀၄၈ ဘီလီယံ

၆။ Jurassic World (၂၀၁၅ ခုနှစ်) - ဒေါ်လာ ၁.၆၇၁ ဘီလီယံ

၇။ The Avengers (၂၀၁၂ ခုနှစ်) - ဒေါ်လာ ၁.၅၁၈ ဘီလီယံ

၈။ Furious 7 (၂၀၁၅ ခုနှစ်) - ဒေါ်လာ ၁.၅၁၆ ဘီလီယံ

၉။ Avengers: Age of Ultron (၂၀၁၅ ခုနှစ်) - ဒေါ်လာ ၁.၄၀၅ ဘီလီယံ

၁၀။ Black Panther (၂၀၁၈ ခုနှစ်) - ဒေါ်လာ ၁.၃၄၆ ဘီလီယံ

-၂၀၁၉ ခုနှစ် ဇူလိုင် ၂၁ ရက်အထိ Box Office စာရင်းအရ ဖြစ်ပါတယ်

Share

Loading Next Article...
က္က